ကရင်နီပြည် မှာ အခုနှစ် လေးလတာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးရာကျာ် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ရာကျော် ကျဆုံးသွားခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းကြိုးစားမှု ၃ နှစ်နဲ့ ၃ လအတွင်း ကရင်နီပြည်အတွင်း စစ်ရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်တွေကို PKPF က မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်အရ အာဏာသိမ်းကြိုးစားမှုကာလအတွင်း စစ်ကောင်စီတပ်သား ၃၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ ၂၀၂၁-၂၀၂၃ အတွင်း ၄၃၉ ဦး ကျဆုံးခဲ့ရပြီး အခု ၄ လအတွင်း ၁၁၂ ဦးအထိ ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အခု ၄ လ အတွင်းမှာ အရပ်သားပြည်သူ ၄၁ ဦး သေဆုံးသွားရပြီး ၃ နှစ်ကျော်အတွင်း စုစုပေါင်းပြည်သူ ၄၉၈ ဦးအထိ သေဆုံးခဲ့ရပါတယ်။
တိုက်ပွဲအကြိမ်ရေ ၁၀၀၀ ကျော် ဖြစ်ပွားခဲ့တဲ့ ကရင်နီမှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၆၀၀ နီးပါးအထိ လုပ်ဆောင်ခဲ့ပြီး ၂၀၂၄၊ ၄ လအတွင်းမှာ အကြိမ် ၆၀၀ နီးပါး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှု အချက်အလက်အရ ၂၀၂၃ တနှစ်လုံး ကရင်နီကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အကြိမ်ရေ ၈၀၀ နဲ့ နှိုင်းစာရင် အခု ၄ လအတွင်း ၅၉၇ ကြိမ် ရှိပြီဖြစ်တာကြောင့် လေကြောင်းတိုက်ခိုက်မှု ထက်ဝက်ကျော်အထိ တိုးမြှင့်လုပ်ဆောင်နေတာကို တွေ့ရှိရပါတယ်။
ကရင်နီပြည်သူ နေအိမ် ၂၅၂၈ လုံး၊ ဘာသာရေးအဆောက်အအုံ ၅၀၊ စာသင်ကျောင်း ၂၃ ကျောင်းနဲ့ ဆေးရုံ ဆေးခန်း ၁၅ ခုလည်း ပျက်စီးသွားခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေး နောက်ပိုင်းမှာတော့ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ မိုးဗြဲ၊ နန်းဖယ်ခုံ စတဲ့ မြို့နယ် ၇ မြို့နယ်ကို ကရင်နီပြည် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သလို စစ်ကောင်စီ တပ်စခန်း ၆၀ ကျော်ကိုလည်း သိမ်းပိုက်ရရှိထားတာ ဖြစ်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။