ရှမ်းပြည်နယ် တောင်ပိုင်း၊ လဲချားမြို့ အဝင်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကားသမားတွေဆီက ငွေမတရား တောင်းနေတယ်လို့ နေ့စဉ် သွးလာနေတဲ့ ကားသမားတွေက ပြောပါတယ်။
လဲချားမြို့ တောင်ဘက် အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ရဲ ပူးတွဲထိုင်တဲ့ ဂိတ်မှာ ကားသမားတွေဆီက ဘီယာဖိုးဆိုပြီး ငွေကျပ် ၅ ထောင်ကနေ ၃ သောင်းအထိ တောင်းစားနေတာ ဖြစ်တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကားသမား တစ်ဦးက ပြောပါတယ်။
“ကျွန်တော့်ကို ဘီယာဖိုး ဆိုပြီး တစ်သောင်း တောင်းတယ်။ အစ်ကိုကြီးရေ ၅ ထောင်ပဲ ပါလာလို့ ဒီလောက်ပဲ ယူလိုက်ပါလို့ ချိုချိုသာသာ ပြောပြီး ၅ ထောင် ပေးခဲ့ရတယ်ဗျ။ မပေးရင်လည်း အကြောင်းတစ်မျိုးမျိုးပြပြီး ဖမ်းမှာ ကြောက်ရတယ်” လို့ ကားသမား တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လဲချားမြို့အဝင်မှာ လိုင်းကားတွေပါ မကျန် လာသမျှကားကို တောင်းနေတာဖြစ်ပြီး ကုန်တင်ကားတွေကို ပိုတောင်းတယ်လို့ ကုန်တင် ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
“ကုန်စည်ပစ္စည်း တင်တဲ့ ကားကြီးတွေဆို ၅ ထောင် တစ်သောင်းနဲ့ မရဘူးဗျ။ ၂ သောင်း ၃ သောင်း ပေးရတယ်။ အုတ်၊ သဲ တင်တာတောင်မှ တစ်ခေါက်ဖြတ်တိုင်း တစ်ခါ ပေးရတယ်။ လဲချားဂိတ်က တောင်းတာ တော်တော်ဆိုးတယ်ဗျာ” လို့ သူကပြောပါတယ်။
လဲချားမြို့ဟာ တောင်ကြီး-လွိုင်လင်- လဲချား-မိုင်းရှူး လမ်းမကြီးပေါ်မှာ ရှိတာဖြစ်လို့ အချက်အခြာကျပြီး နေ့စဉ် ကားကြီး ကားငယ် အများအပြား ဖြတ်သန်းနေတာ ဖြစ်ပါတယ်။