ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်အပြီး ၃ နှစ်တာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ လွတ်မြောက်နယ်မြေရှိလာပြီလို့ ကာကွယ်ရေးဝန်ကြီးဦး ရည်မွန်က ပြောဆိုပါတယ်။
PDF ကို ၂၀၂၁၊ မေလ ၅ ရက်ကစတင်ဖွဲစည်းခဲ့ပြီး ဒီနေ့ ၃ နှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ ဦးရည်မွန်က ပြောဆိုလိုက်တာပါ။
“ဒီကနေ့ NUGမှာ လွတ်မြောက်နယ်မြေ ရှိပြီလားလို့ မေးရင် ရှိပြီလို့ပဲ ဖြေရမယ်။ ဒီနယ်မြေတွေမှာ ရန်သူ့ အုပ်ချုပ်ရေးယန္တရားကို ဖျက်သိမ်းပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်လည်ပတ်နေပြီ ဖြစ်ရုံမက ရန်သူ့တပ်များ မြေပြင်က အလွယ်တကူ ဝင်ရောက်မလာနိုင်အောင် စစ်ရေးအရ ကာကွယ် ဟန့်တား ထားနိုင်တဲ့ နယ်မြေတွေ ရှိနေပြီ။ ဒီနယ်မြေတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီးကျယ်ပြန့် လာတာ ပိုပြီး ခိုင်မာလာတာကိုလည်း တွေ့ရမယ်။ ဒီလိုအောင် မြင်မှုတွေ ရရှိခဲ့တာဟာ အဓိကအားဖြင့် ရဲဘော်တို့ရဲ့ စွမ်းဆောင်မှုကြောင့်ပဲ ဖြစ်တယ်။ ရဲဘော်တို့ရဲ့ ဂုဏ်ရောင်ပြောင်တဲ့ အသက်သွေးချွေး ပေးဆပ်မှုတွေက သမိုင်းမော်ကွန်းတင်ရမှာ ဖြစ်တယ်” လို့ ဦးရည်မွန်က ပြောပါတယ်။
PDF ကို နိုင်ငံရေး၊ စစ်ရေးအရ ကျောထောက်နောက်ခံပေးပြီး ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးဖော်ဆောင်မယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကို တပြိုင်တည်း ဖွဲ့စည်းခဲ့ကာ ၃ နှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့နှစ်ခုလုံး အလျင်အမြန်ရင့်ကျက်လာခဲ့ပြီး အောင်ပွဲ အမြောက်အများရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေး အမှန်တကယ် အောင်မြင်လိုတဲ့ ရဲဘော်တိုင်းဟာ တော်လှန်ရေးအပေါ်သစ္စာရှိရန်၊ ပြည်သူကိုအလုပ်အကျွေးပြုရန်၊ တော်လှန်ရေးရဲဘော်ချင်း ကူညီစောင့်ရှောက်ရန်နဲ့ တော်လှန်ရေးရှေးရှု့ပြီး ဖြောင့်မတ်မှန်ကန်စွာ အလုပ်လုပ်ဖို့ အထူးအားစိုက်ရမှာဖြစ်တယ်လို့ ဦးရည်မွန်က တိုက်တွန်းပြောဆိုပါတယ်။
“တော်လှန်ရေးကာလမှာ စစ်ရေးနဲ့ အုပ်ချုပ်ရေးဟာ ဘယ်လက်နဲ့ညာလက်လိုပဲ လက်နှစ်ဖက်လုံး ခိုင်မာ အားကောင်းဖို့လိုတယ်။ လက်နှစ်ဖက် ဟန်ချက်ညီ အလုပ်လုပ်ဖို့ လိုတယ်။ စစ်ရေးတာဝန်ရှိတဲ့ PDF ပကဖ၊ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ ပအဖ ပလဖတို့ဟာ တော် လှန်ရေးလိုအပ်ချက်အရ ဖွဲ့စည်းပေါ်ပေါက် လာတဲ့ တော်လှန်ရေးညီနောင်အဖွဲ့အစည်းတွေပဲ ဖြစ်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ ရဲဘော် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကူညီရိုင်းပင်းကြဖို့ လိုတယ်။ ကျင့်ဝတ်နဲ့ညီပြီး ကိုယ်တာဝန်ကိုယ် ကျေအောင် ထမ်းကြဖို့ လိုတယ်။အား လုံးရဲ့ ဘုံပန်းတိုင်က တစ်ခုတည်းပဲ၊ စစ်အာဏာရှင်ကို အနိုင်တိုက်ဖို့ပဲ ဖြစ်တယ်” ဟု ဦးရည်မွန်က ပြောပါတယ်။
တပ်မ (၁၀) ခု၊ စကခ (၂၀)နဲ့ ဖွဲ့စည်းထားတဲ့ စစ်ကောင်စီရဲ့ အမာခံတိုက်ခိုက်ရေး အင်အား ၃ ပုံ ၂ ပုံခန့် ယိုယွင်း ပြုန်းတီးခဲ့ပြီဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၃ နှစ်ပြည့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ကာ အဓမ္မစစ်သားစုဆောင်းနေခြင်းဟာ စစ်ကောင်စီရဲ့ အင်အားချိနဲ့မှုကို ဖော်ပြနေပြီး အကြမ်းဖက်စစ်တပ်၏ထိပ်ပိုင်းအရာရှိများ မကြာခဏ အပြောင်းအလဲ လုပ်နေခြင်းကလည်း စစ်ရေးအရေးနိမ့်မှုနှင့်ကွပ်ကဲမှု ဖရိုဖရဲဖြစ်နေခြင်းကို ထင်ရှားစေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
PDF ဒရုန်းတပ်ဖွဲ့ကို အင်အားတိုးချဲ့လျက်ရှိပြီး စစ်ဒေသနှင့်စစ်နယ်ဝှန်းအလိုက် အင်အားထောင်ချီ ပါဝင်လျက် မွမ်းမံလေ့ကျင့်ခြင်း၊ စုဖွဲ့တပ်ဆင်ခြင်း၊ ကွပ်ကဲမှုတည်ဆောက်ခြင်းဖြင့် ထုအင်အား တည် ဆောက်လျက်ရှိပြီး ရည်ရွယ်ချက်မှာ မဟာဗျုဟာ ထိုးစစ်များ ဆင်နွှဲရန်ဖြစ်တယ်လို့ NUG ကဆိုပါတယ်။
ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ အင်ဂျင်နီယာတပ်၊ ယာဥ်ယန္တရားတပ် စသော လက်ရုံးတပ်များကို အင်အား တိုးချဲ့တည်ဆောက်နေတယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။