၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်း နှင့် စုဝေးခွင့် ၊ အဓမ္မ ခိုင်းစေခြင်း ဆိုင်ရာ ကွန်ဗန်းရှင်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က အောက်တိုဘာ ၅ ရက်က သတင်းထုတ်ပြန်ပါတယ်။
ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်က ဖြိုခွင်းပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းရေးကော်မရှင်က ကော်မရှင်ကို ILO ၂၀၂၂ ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့ပြီး ၁၉၄၈ ခုနှစ် ကွန်ဗင်းရှင်း (အမှတ် ၈၇) နဲ့ (အမှတ် ၂၉) လိုက်နာမှု ရှိ မရှိတာကို စုံစမ်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကွန်ဗင်းရှင်း (အမှတ် ၈၇) လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နဲ့ စုဝေးခွင့် တွေကို ဖောက်ဖျက်ခဲ့ပြီး စစ်တပ်က အဓမ္မလုပ်အားပေးခိုင်းစေတာတွေကို ဆက်လက် လုပ်ဆောင်နေ တာ ကြောင့် အဓမ္မလုပ်အားပေး ကွန်ဗင်းရှင်း အမှတ် ၂၉ ကိုပါ လိုက်နာတာမရှိတာကို ကော်မရှင်က တွေ့ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အစီရင်ခံစာထဲမှာတော့ သဘောတူညီချက်နှစ်ခု ပြင်းထန်စွာ ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့နဲ့ နောက်ထပ် ချိုးဖောက်မှုတွေကို ချက်ချင်းတားဆီးဆောင်ရွက်ဖို့ကို စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။
စုံစမ်းရေးကော်မရှင်ကို အမှီအခိုကင်းတဲ့ ပညာရှင်သုံးဦးနဲ့ ဖွဲ့စည်းထားပြီး အစီရင်ခံစာအတွက် နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေအပေါ် အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တခြား လူမဆန်စွာ ပြုမူဆက်ဆံမှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ဖို့ကို အစီရင်ခံစာမှာ အကြံပြုထားပါတယ်။
အရပ်ဘက် လွတ်လပ်ခွင့်တွေနဲ့ တရားဝင် အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးဖမ်းဆီးခံထားရတဲ့ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေအပေါ် တရားစွဲဆိုနဲ့ ပြစ်ဒဏ် အားလုံးကို ရုပ်သိမ်းဖို့၊ အာဏာသိမ်းပြီး ကတည်းက ပိတ်ပင်ထားတဲ့ အခြေခံ ပြည်သူ့လွတ်လပ်မှု ကာကွယ် ရေးကို အပြည့်အဝ ပြန်လည်ပေးအပ်ဖို့၊ စစ်တပ်က အတင်းအဓမ္မခိုင်းစေတာ ဒါမှဟုတ် အတင်းအကျပ် လုပ်အားပေး စေခိုင်းမှု ပုံစံအားလုံးကို ရပ်တန့်ဖို့နဲ့ အတင်းအကျပ် တပ်သားစုဆောင်းတာတွေကိုရပ်တန့်ဖို့တွေကို ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းရေးကော်မရှင်က စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။