■ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဆယ်ခန့်ဟာ ဧပြီလ ၈ ရက် မနေ့က ညပိုင်းမှာ တရုတ်နိုင်ငံဘက်ကို ထွက်ခွာသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကလည်း ပစ်ခတ်တာမရှိဘဲ ထွက်ခွင့်ပေးလိုက်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ကည ၁၀ နာရီလောက် ခါနန်ကျေးရွာရှိတဲ့ဘက် တရုတ်ပြည်ကိုဝင်တဲ့တံခါးတစ်ခုရှိတယ် အဲဘက်က ထွက်သွားတယ်။ တရားဝင် နယ်စပ်ဝင်ပေါက်ကနေတော့ တရုတ်က တရားဝင် မဝင်ခိုင်းဘူး။ ဟိုဘက် သူတို့ရဲ့ မှောင်ခိုလမ်းကနေ ထွက်သွားတယ်။ KIA ကလည်း ခွင့်ပြုလိုက်တာပေါ့ သူတို့ ထွက်ခွင့်မပေးရင် မနေ့က တိုက်ပွဲဖြစ်ပြီပေါ့”
ဧပြီလ ၉ ရက် ဒီနေ့မနက်မှာတော့ KIA က စစ်တပ်စခန်းနေရာတွေမှာ ဝင်ရောက်တပ်စွဲလိုက်ပြီး လွယ်ဂျယ်တစ်မြို့လုံးကို အပြည့်အ၀ထိန်းချုပ်လိုက်ပြီလို့ သူက ဆိုပါတယ်။
ထွက်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံကတစ်ဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ဘက်ကို ပြန်ထွက်ခွာနိုင်ပြီး လက်နက်ခဲယမ်းတွေ သယ်ဆောင်သွားသလားဆိုတဲ့ အချက်အလက်အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မတ်လ ၇ ရက်နေ့က စတင်တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း KIA က စစ်တပ်စခန်းပေါင်း ခြောက်ဆယ်ကျော်ကို သိမ်းယူထားပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောထားပါတယ်။