ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို စစ်အင်အားဖြည့်တဲ့ စစ်ကောင်စီယာဥ်တန်းကို ရှမ်း-ကရင်နီ နယ်စပ်၊ တောင်ခမ်းကျေးရွာ အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ မနေ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီး ပျက်စီးပြီး စစ်သား အသေများတယ်လို့ BPDF လွိုင်ကော် တာ၀န်ခံက ဒီကနေ့ ဇူလိုင်လ ၃၁ ရက်မှာ ပြောပါတယ်။
စစ်ကောင်စီက စစ်ကား ၆ စီးကျော်နဲ့ လွိုင်ကော်မြို့ကို ဦးတည် အင်အားဖြည့်တာဖြစ်ပြီး PDF တွေက ဇူလိုင်လ ၃၀ ရက်၊ ညနေ ၄ နာရီခန့်က ကြားဖြတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ညနေ ၄ နာရီလောက်က ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ ၂ ဖက် ပစ်ခတ်မှု ဖြစ်တာပေါ့။ DC ကား ၂ စီးကတော့ မီးလောင်ပျက်စီးသွားတယ်။ အသေလည်း တော်တော်များမယ်” လို့ သူကရှင်းပြပါတယ်။
ပြည်ထောင်စု လမ်းမကြီး အတိုင်း စစ်ကား ၆ စီးထက်မနည်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကြားမှာ သတင်းချိတ်ဆက်မှု အားနည်းချက်တွေကြောင့် ဘယ်ကလာတဲ့ စစ်ယာဥ်တန်း ဆိုတာ မသိရသေးသလို စစ်ကောင်စီတပ် အင်အား ဘယ်လောက်ပါတယ် ဆိုတာ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် အဆိုပါ စစ်ယာဥ်တန်းဟာ လွိုင်ကော်မြို့ထဲကို စစ်ကောင်စီတပ်သား ၁၀၀ ၀န်းကျင်ခန့်နဲ့ ၀င်သွားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သား ၂ ဦး ခြေထောက် ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရတဲ့ ဒဏ်ရာ ဖြစ်တယ်လို့ BPDF တာ၀န်ခံက ဆိုပါတယ်။
တောင်ခမ်း တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှု အတိအကျကိုတော့ စိစစ်နေဆဲဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့ သက်ဆိုင်ရာ အဖွဲ့တွေက အတည်ပြု ထုတ်ပြန်မယ်လို့ သိရပါတယ်။