လွိုင်ကော်တက္ကသိုလ်က Non CDM တွေကို ဝန်ချတောင်းပန်တာနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တရားမှာ မပါဝင်တော့ဘူးဆိုတဲ့ ခံဝန်ကတိထိုးခိုင်းပြီး နေရပ်ပြန်လွှတ်ပေးလိုက်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ 11.11 စစ်ဆင်ရေးစတင်ချိန်မှာ ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ်နဲ့ စက်မှုလက်မှု သိပ္ပံကျောင်းမှ Non CDM တွေနဲ့ မိသားစုဝင် စုစုပေါင်း ၂၀၄ ဦး ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေ က ဘေးလွတ်ရာကို ကယ်ထုတ်ပေးခဲ့ပြီး ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက ၎င်းတို့ရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေး ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။
အဆိုပါ ၂၀၄ ဦးကို “Non CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့” မှ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ တစ်စုံတစ်ရာပတ်သက်ဆက်နွယ်ခြင်းမရှိသူများကို Non CDM ဖြစ်ခဲ့ခြင်းအတွက် ဝန်ချတောင်းပန်ခြင်း နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ယန္တရားမှန်သမျှမှာ ပါဝင်ဆောင်ရွက် ခြင်း ပြုလုပ်မှာ မဟုတ်ကြောင်း ခံဝန်ကတိကို လက်မှတ်ရေးထိုးစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ခံဝန်ကတိ လက်မှတ်ရေးထိုးပြီးတဲ့ ဝန်ထမ်း ၇၀ ဦးနဲ့ မိသားစုဝင် ၃၇ ဦး ကို နိုဝင်ဘာ ၂၃ ရက်မှာ နေရပ်ပြန်နိုင်ရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက စီစဉ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျန်ရှိနေသေးတဲ့ ဝန်ထမ်းတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးပါက နေရပ်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။