လွိုင်ကော်နှင့် ဖယ်ခုံမြို့တို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီ၏ လေယာဥ် အပါအဝင် လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်နေ သည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ယခုလ ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်း နှစ်ဖက်ထိတွေ့မှု ရပ်နားထားသည့် လွိုင်ကော်မြို့တိုက်ပွဲမှာ ယနေ့(ဒီဇင်ဘာ ၂၃ ရက်) နံနက် ၈ နာရီခန့်ကစ၍ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။
“ခလရ(၅၄)နဲ့ ခလရ(၂၅၀)က လက်နက်ကြီးနဲ့ မနက်ကတည်းက ပစ်တာ နေ့လည် ၁နာရီလောက်အထိ။Y8နဲ့ ဗုံးတွေ လာကြဲတာရှိတယ်။နောင်ယားကန်ဘက် နဲ့ မီးသတ်ကုန်းဘက်က နေအိမ်တွေအများစု မီးလောင်နေသလို ဘုန်တော်ကြီးကျောင်းတွေပါ မီးထဲပါသွားတာရှိတယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။
လွိုင်ကော်မြို့ မကျဆုံးရေးအတွက် ကျန်ရှိနေသော ၎င်းတို့တပ်စွဲရာ နေရာတစ်ဝိုက်ရှိ နေအိမ်များအား စစ်ကောင်စီက ရည်ရွယ်ချက်ရှိစွာဖြင့် နေ့စဥ် ဗုံးကြဲခြင်း၊ မီးရှို့ခြင်းများပြုလုပ်နေခြင်းဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။
“သူတို့ တပ်စွဲထားတဲ့နေရာ တစ်ဝိုက်ပတ်ပတ်လည်က အိမ်တွေ လုံး၀မီးလောင် ပြာဖြစ်သွားပါပြီး။တစ်ရက်ကို အိမ်အနည်းဆုံးအိမ်သုံးလုံးလောက်ပါတယ်။အဓိကတော့ သူတို့ဆီကိုလာတိုက်ရင် အကာအကွယ်မရနိုင်အောင် ပြင်ဆင်နေတာလို့ပြောနိုင်တယ်”ဟု လွိုင်ကော် မြို့တိုက်ပွဲ၌ ရှိနေသည့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ‘၁၁၁၁ စစ်ဆင်ရေး’နှင့်အတူ လွိုင်ကော်မြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေပြီး တစ်လကျော်ကြာမြင့်သည့်အချိန်တွင် မြို့၏ သုံးပုံ နှစ်ပုံကို ထိန်းချုပ်နိုင်ပြီဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) စစ်ဗျုဟာ အမှတ် (၂)ဗျူဟာမှူး အာလူးက ယမန်နေ့တွင် ပြောထားသည်။
သို့သော် လွိုင်ကော်မြို့တွင် စစ်ကောင်စီကင်းစခန်းများအပါအဝင် ၎င်းတို့တပ်စွဲထားရာနေရာ ၁၀ ခုခန့် ကျန်ရှိနေပြီး သိမ်းပိုက်နိုင်ရန်ကြိုးပမ်းနေကြောင်းလည်း သိရသည်။
လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မ အခြေစိုက် ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ ၂၆၁၊ ခလရ ၊၂၅၀၊ခလရ ၅၄၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့ နှင့် ပို့ဆောင်ရေးတပ်ခွဲ (ထပခ ၇၂၂) တို့ရှိ သည်။
ထို့အတူ ရှမ်း – ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့တွင်လည်း ယနေ့ နံနက်အစောပိုင်းကစ၍ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
“တိုက်ပွဲ ဖြစ်နေတာ မှန်တယ်။ကျန်တာ မပြောနိုင်သေးဘူး”ဟု ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက အတည်ပြုသည်။
ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာ အထက်ပိုင်း၊ တောင်ပေါ်စခန်းကုန်းအမျိုးအစားဖြစ်သည့် စစ်တပ်၏ ပွိုင့်ကုန်းကို ကရင်နီပူးပေါင်းတပ်များက ဒီဇင်ဘာ ၁၁ ရက်တွင် သိမ်းပိုက်ထားသည်။
ဖယ်ခုံမြို့တွင် စစ်ကောင်စီ၏ ခမရ(၃၃၇)နှင့် ခမရ (၄၂၁)တပ်များ အခြေစိုက်ထားသည်။