ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ နေထိုင်သူတွေအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ပတ်စ်ပိုစ့်လုပ်ခွင့် မပေးတာကြောင့် ပြည်ပထွက်ဖို့ ပြင်ဆင်နေသူတွေ အခက်ကြုံနေရတယ်လို့ စုံစမ်းသိရပါတယ်။
လွိုင်ကော်မြို့မှာ စစ်ကောင်စီရဲ့ဌာနဆိုင်ရာ ယန္တရားတချို့ လည်ပတ်နေပြီလို့ ဆိုနိုင်ပေမယ့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာန မပါဝင်သေးသလို စစ်ဘေးရှောင်တွေ ရောက်ရှိနေတဲ့ ဒေသတွေမှာလည်း သက်ဆိုင်ရာရုံးတွေက လုပ်မပေးကြဘူးလို့ ဆိုပါတယ်။
“သူတို့ ဘော်လီဘော ပုတ်နေကြတယ်။ တောင်ကြီးမှာကြတော့လည်း လွိုင်ကော်မှာ လုပ်ရမယ်တဲ့။ လွိုင်ကော်ပြန်ရောက်တော့လည်း ရုံးကမဖွင့်သေးဘူးဆိုတော့ တောင်ကြီးပြန်သွားခိုင်းတယ်။ လွိုင်ကော် လူတွေက သွားလိုက် ပြန်လိုက်နဲ့ စားရိတ်ထောင်းတယ်” လို့ ပတ်စ်ပိုစ့်ပြုလုပ်ဖို့ စောင့်ဆိုင်းနေသူ တစ်ဦးက ပြောပါတယ်။
ကရင်နီပြည် နိုင်ငံရေးစီးစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကိုင်ဆောင်ထားသူတွေကို ပတ်စ်ပိုစ့် ပြုလုပ်ဖို့အတွက် သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လဝက)ရုံးတွေမှာ ထောက်ခံစာပြန်ယူခိုင်းနေတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့ခံတွေအတွက် ဒေသကွပ်ကဲမှု စစ်ဦးစီးချုပ်ရုံး (ဒစက လွိုင်ကော်)မှာ ထောက်ခံစာ ထုတ်ပေးတယ်လို့ ကြေညာထားပေမယ့် တကယ်တမ်း သွားရောက်ခဲ့တဲ့အခါမှတော့ စစ်ကောင်စီတပ်က မသိဘူးလို့သာ အကြောင်းပြန်ခဲ့ပါတယ်။
“ပျက်စီးနေတဲ့ ပြည်နယ်မှာ လူငယ်တွေအတွက် ဘာအလုပ်ကိုင် အခွင့်အလမ်းမှ မရှိတော့ဘူး။ ပြန်လည်ထူထောင်ရေး လုပ်ဖို့က ကြာဦးမှာပါ။ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည် ထူထောင်ဖို့ဆိုတာ ပိုက်ဆံလိုတယ်။ အခုက အိမ်တစ်လုံးရဖို့ ပိုက်ဆံရှာဖို့လမ်းက နိုင်ငံခြား ထွက်ဖို့ပဲ ရှိတာ” လို့ ပြည်ပထွက်ဖို့ ပြင်ဆင်နေသူ တစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့ခံတွေအတွက် ပတ်စ်ပိုစ့်ရရှိဖို့ ပွဲစားကတစ်ဆင့် ပြုလုပ်နိုင်တယ်လို့ တောင်ကြီး ပတ်စ်ပိုစ့်ရုံးက ပြောဆိုထားပေမယ့် သိန်း ၃၀ အထိ ပေါက်ဈေးရှိနေတာကြောင့် အောက်ခြေနဲ့ လူလတ်တန်းစားတွေအတွက် အဆင်မပြေနိုင်တဲ့ ဈေးနှုန်းဖြစ်နေတယ်လို့ သိရပါတယ်။