ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပဒါညေးကျေးရွာမှာ အောက်တိုဘာ ၈ ရက်နေ့က စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲ အတွင်း KNDF တပ်ရင်း (၁၂) မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ တပ်ရင်း အမှတ် (၁၂) မှ ရဲဘော် ကျော်ဇင်ထွေး ဟာ ပဒါညေးကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
KNDF တပ်ရင်း အမှတ် (၁၂) မှ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ ရဲဘော် ကျော်ဇင်ထွေး အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကာ အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြု အလေးပြုတယ်လို့ တပ်ရင်း (၁၂) က ဆိုပါတယ်။
ကျဆုံး ရဲဘော်ရဲ့ ဈာပနကို တပ်ရင်း တာဝန်ရှိသူများ၊ ရဲဘော်ရဲဘက်များက ကရင်နီပြည်နယ် တစ်နေရာမှာ ကောင်းမွန်စွာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုလို ရဲဘော်တွေ ကျဆုံးတာ ရှိပေမယ့် KNDF တပ်ရင်း (၁၂) က အာဇာနည် သူရဲကောင်းများ အနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ပေါက်ရေး အတွက် အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ကြေညာထားပါတယ်။