ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကရင်နီစစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက်ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ရာ ဒီကနေ့ အချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။
“တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲပေါ့နော်။ အရင်တစ်ခေါက်လိုပဲ တိုက်ပွဲ ဖြစ်နေသေးတာကြောင့် ၂ ဖက် ထိခိုက်မှု အခြေအနေကိုတော့ ပြောလို့မရသေးပါဘူး” လို့ သူကရှင်းပြပါတယ်။
အဆိုပါ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီရဲ့ လွိုင်ကော် အမြောက်တပ်က လက်နက်ကြီး ပစ်ကူပေးနေသလို အတွဲလိုက် ဒုံးတွေ ထုတ်သုံး တိုက်ခိုက်လာတယ်လို့ ကရင်နီစစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အခုလို လွိုင်ကော်မြို့နဲ့ မနီးမဝေးမှာ တိုက်ပွဲရက်ရှည် ဖြစ်ပွားလာတာကြောင့် မြို့တွင်းကို စစ်မီးကူးစက်လာမှာ စိုးရိမ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လွိုင်ကော်ဒေသ တိုက်ပွဲဖြစ်စဥ်နဲ့ ထိခိုက်သေးဆုံးမှု အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်း မေးမြန်းနေဆဲ ဖြစ်ပါတယ်။
တော်လှန်ရေး အင်အားစုတွေ ဘက်ကတော့ ကရင်နီပြည်နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားနိုင်ပြီလို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF ဥက္ကဌ ခွန်ဘီထူးက ပြောဆိုထားပြီး နယ်မြေ တစ်ခုလုံး လွတ်မြောက်ရေး ကြိုးစားမယ်လို့ ပြောဆိုထားပါတယ်။