ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ အင်အားအများအပြား နဲ့ လက်နက်အပြည့်အစုံပါမှာ စစ်ကောင်စီတပ်သား ကင်းပတ်ရဲတဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ဒီကနေ့ မေလ ၂၇ ရက်မှာ မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ အစစ်အဆေးကြမ်းနေပြီး ကင်းတစ်ခါပတ်ရင် စစ်ကောင်စီတပ်သား အယောက် ၃၀ လောက်ပါပြီး လက်နက်အပြည့်အစုံတပ်ဆင်ပြီးမှသာ ကင်းပတ်ရဲတယ်လို့ သူကပြောပါတယ်။
“ကင်းပတ်တာကတော့ ပုံမှန်ပါပဲ ။ တစ်ခုပဲ၊ အရင်ကလို ၄ ၊၅ ယောက်လောက်နဲ့ မပတ်ရဲတော့ဘူး။ တစ်ခါပတ်ရင် ကားဖြူတစ်ဦး အပြည့်ဆိုတော့ ၃၀ လောက်ပါတယ်။ တစ်ခါတစ်လေဆို တပ်ခွဲတစ်ခွဲစာနီးပါးလောက်ပါတယ်။ လက်နက်အပြည့်အစုံနဲ့နော်။ အစစ်အဆေးကတော့ကြမ်းတယ်လေ။ သူတို့ ထိန်းချုပ်နိုင်တာ ဒီမြို့ပေါ်ပဲ ရှိတော့တာကိုး” လို့ သူကပြောပါတယ်။
ဘုရားဖြူကနေ ဒီးမော့ဆိုသွားတဲ့ လမ်းပေါ်မှာတော့ ဂိတ်ချပြီး ဒီးမော့ဆိုဘက်သွားတဲ့ ကားတွေကို အဓိက ထားစစ်ဆေးနေတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးက ပြောပါတယ်။
“လွိုင်ကော် အထွက်လို့ပြောရမလား။ ထေးဌားလျှားရွာ ရှိတယ်။ အဲ့ရွာအဝင်နားမှာ ဂိတ်ချထားတာ။ ဘယ်လိုပြောရမလဲ ၊ ဘုရားဖြူကနေ ဒီးမော့ဆိုသွားတဲ့ လမ်းပေါ့။ တစ်လမ်းပဲရှိတယ်ဗျ။ အဲ့မှာ ဒီးမော့ဆိုဘက်ကို သွားတဲ့ ကားတွေကို အဓိကစစ်နေတာ။ ဘာလို့စစ်လဲဆိုတော့ စစ်ရှောင်ပြည်သူတွေကို ရိက္ခာဖြတ်နေတာ။ ဒါတွေကို အဓိကစစ်နေတာပါ” လို့သူကပြောပါတယ်။
ဒီလို ဂိတ်ချပြီး စစ်နေပေမဲ့ စစ်ကောင်စီက တပ်စွဲမနေထိုင်ရဲဘဲ မနက်ပိုင်း ဆိုလူလာချပြီး ညနေပိုင်းဆို သိမ်းပြီးပြန်ပြီလို့ ဆိုပါတယ်။
လွိုင်ကော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲတွေဖြစ်နေပေမဲ့ ဒီနေ့တော့ ငြိမ်နေပြီး စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး အဆင်သင့်ပြင်ထားတာကြောင့် တိုက်ပွဲကတော့ အချိန်မရွေးဖြစ်လာနိုင်တယ်လို့ လွိုင်ကော်PDF တစ်ဦးကပြောပါတယ်။