လွိုင်ကော်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး လက်နက်နှင့်အတူ ပြည်သူဘက်သို့ကူးပြောင်းလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၂ က ထုတ်ပြန်သည်။
အဆိုပါ အရာရှိသည် ၂၀၁၈တွင် ရဲဝန်ထမ်းအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်ကအာဏာသိမ်းမှုဖြစ်ပြီးနောက် လွိုင်ကော်မြို့ရဲစခန်းမှ CDMပြုလုပ်ခဲ့သော ရဲဝန်ထမ်းများတွင် ၎င်း၏ သူငယ်ချင်းအများအပြားပါဝင်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ၏အမိန့်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့သည်မှာ မှန်သော်လည်း မထွက်ခွာနိုင်ဘဲ ကြိတ်မှိတ်နေထိုင်ဖြစ်ခဲ့သည်မှာကြာပြီဟု ၎င်း၏ဇနီးက အသိပေးသည်။
“၂၀၂၃ နိုဝင်ဘာလ ပထမပတ်ထဲမှာ မိမိတို့တပ်ရင်းကို နီးစပ်ရာအဆက်အသွယ်နဲ့CDMလုပ်ဖို့ချိတ်ဆက်ခဲ့တဲ့အတွက် ထိုရဲတပ်ကြပ်နဲ့မိသားစုကို ဘေးကင်းစွာခေါ်ထုတ်နိုင်ခဲ့ပါတယ်။ယခုချိန်မှာ သူနဲ့သူ့မိသားစုကိုလုံခြုံတဲ့နေရာတစ်ခုမှာ နေထိုင်စေပြီးဖြစ်ပါတယ်”ဟု KNDF တပ်ရင်း (၂)တာဝန်ရှိသူက ပြောသည်။
G3 သေနတ်တစ်လက်နှင့် ကျည်အချို့ကိုယူဆောင်ပြီး အပ်နှံခဲ့သည့်အတွက် KNDFမှ ကျပ်သိန်း၃၀ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့အပြင် ၎င်း၏ မိသားစုဘဝဆက်လက်ရပ်တည်နိုင်အောင်လည်း KNDF က ကူညီသွားမည်ဟု ဖော်ပြသည်။
စစ်ကောင်စီအမိန့်အောက်မှထွက်ခွာရန်ရှိနေသော တပ်မတော်သား၊ ရဲများကို ကြိုးစားခေါ်ထုတ်သွားမည်ဖြစ်ပြီး စစ်ကောင်စီအမိန့်အောက်မှ ရုန်းထွက်ကာ နိုင်ငံအတွက်အကြီးမားဆုံးဖြင့် အကောင်းဆုံးစွန့်စားမှုကိုပြုလုပ်ရန်လည်း KNDF က တိုက်တွန်းသည်။