ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီက အင်အား ဆက်တိုက် တိုးချဲ့နေလို့ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေ အတွက် စစ်ဘေးရှောင် စခန်းတွေ ကြိုတင် ပြင်ဆင်နေတယ်လို့ ကရင်နီ စစ်ရှောင် ကူညီနေသူ တစ်ဦးက ဒီကနေ့ ဇူလိုင် ၁ ရက်နေ့မှာ ပြောပါတယ်။
လက်ရှိ လွိုင်ကော်မြို့ပေါ်မှာ လုံခြုံရေး အထူးတင်းကြပ်ထားတာ၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ၊ စစ်အင်အားတွေ ဆက်တိုက် တိုးချဲ့နေတာကြောင့် အစိုးမရတဲ့ စစ်ရေး အခြေအနေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတာလို့ သူကပြောပါတယ်။
“လာမဲ့ဘေး ကတော့ ရင်ဆိုင်ရမှာပဲလေ။ လွိုင်ကော်မြို့ပေါ်မှာ အခြေအနေတွေက သိတဲ့အတိုင်းပဲ။ မကြာခင် ဖြစ်လာလို့ ဘာမှ မလုပ်ထားရင် အကုန်ဒုက္ခရောက်မှာပဲ။ ဒီတော့ ပြင်ဆင်သင့်တာ ပြင်ဆင်တာပေါ့” လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။
ဒီလို ပြင်ဆင်နေပေမဲ့ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ လုံလောက်မှု မရှိတာတွေကြောင့် အခက်အခဲမျိုးစုံ ကြုံတွေ့နေရတယ်လို့ သူကဆိုပါတယ်။
လူဦးရေ ၆,၀၀၀၀ ကျော်နေထိုင်တဲ့ လွိုင်ကော်မြို့ပေါ်ကို တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်ထဲက ပြည်သူတွေ လာရောက်ခိုလှုံနေတဲ့ အတွက် လက်ရှိ လူဦးရေ ၈,၀၀၀၀ ကျော်ရှိနေပြီး တိုက်ပွဲတွေ ဖြစ်လာရင် စစ်ရှောင်တွေအတွက် အရေးပေါ် အကူအညီတွေ အများအပြား လိုအပ်မယ်လို့ သူက သုံးသပ်ပါတယ်။
လက်ရှိ စစ်ကောင်စီက လွိုင်ကော်လေဆိပ်ကို အသုံးပြုပြီး စစ်အင်အား အများအပြား ဖြည့်တင်းနေသလို မြို့ပေါ်မှာ လေးဘီးတပ် တင့်ကားတွေ၊ သံချပ်ကာ ကားတွေသုံးပြီး အင်အားပြ ကင်းလှည့်နေတယ်လို့ ဒေသခံ တစ်ဦးက အတည်ပြုပါတယ်။
လူဦးရေ ၃ သိန်းဝန်းကျင် နေထိုင်တဲ့ ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ပြည်သူ ၂ သိန်းကျော် စစ်ဘေးရှောင် နေရပြီး အများစုက စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ရှောင်စခန်း အများစုမှာ စားနပ်ရိက္ခာ ပြတ်တောက်မှု၊ အမိုးအကာနဲ့ ဆေးဝါး မလုံလောက်မှု တို့ကြောင့် ရာသီတုပ်ကွေး၊ အရေပြားရောဂါနဲ့ အာဟာရ ချို့တဲ့မှုတွေ ဖြစ်နေတယ်လို့ စစ်ရှောင် ကူညီနေသူတွေက ပြောပါတယ်။