ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရပ်ကွက်များအတွင်း စစ်ကောင်စီက မီးလောင်ဗုံးများကြဲချ တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က အသိပေးထုတ်ပြန်သည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၁ ရက်) နံနက်ပိုင်းကစ၍ စစ်ကောင်စီက ဒရုန်းဖြင့် မီးလောင်ဗုံးကြဲချခြင်း၊ အဝေးပစ်မီးလောင်ဗုံးများပစ်ခတ်ခဲ့၍ လူထုနေအိမ်များ မီးလောင်ကျွမ်းခဲ့ရသည်ဟု ဆိုသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မီးလောင်ဗုံးများအား တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် ရွှေတောင် ၊ မင်္ဂလာ ၊ ပိုးဇာခြံစသည့် ရပ်ကွက်များအတွင်း နေရာငါးခု၌ တိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ခဲ့ကြောင်း အသိပေးသည်။
“ဒီနေ့လည်း နောင်ယားဘက်မှာ မီးလောင်နေတယ်။ မနေ့ကတော့ ပိုဆိုးတယ်။လွိုင်ကော်မြို့ကိုအကြောင်းမဲ့ ဖျက်ဆီးနေတဲ့ စစ်ကောင်စီ အမြန်ကျရှုံးပါစေ”ဟု လွိုင်ကော်ဒေသခံတစ်ဦးက ပြောသည်။
လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ စဥ်ဆက်မပြတ်ရှိနေကြောင်း KNDFက ဆိုသည်။
စစ်ကောင်စီမှ နေ့စဥ် လက်နက်ကြီးပစ်ခတ်ခြင်း ၊ ဒရုန်း ၊ လေကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဥ်ပြုလုပ်နေခြင်းကြောင့် မြို့တွင်း၌ ပြည်သူများနေထိုင်သွားလာရန် မသင့်သောအခြေအနေဟု သတိပေးသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် နေအိမ်ပြန်ခြင်းများမပြုလုပ်ရန် ၊ သက်ဆိုင်ရာတာဝန်ရှိသူများထံမှ မှန်ကန်သည့် သတင်းအချက်လက်များကို ရယူရန် ၊ပစ္စည်းပြန်သယ်ယူခြင်းများကို တတ်နိုင်သမျှ မပြုလုပ်ရန်နှင့် လုံခြုံရေးကို ဦးစားပေး၍ စစ်ရေးသတိရှိရန်လည်း KNDF က တိုက်တွန်းသည်။
နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သည့် ကရင်နီတပ်ပေါင်းစု၏ ‘၁၁၁၁ စစ်ဆင်ရေး’တွင် လွိုင်ကော်မြို့၏ သုံးပုံနှစ်ပုံကို တော်လှန်ရေးတပ်ပေါင်းစုက တပ်ဖြန့်ထားနိုင်ကြောင်း KNDFက အသိပေးထားသည်။
လက်ရှိအချိန်ထိ လွိုင်ကော်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား သေဆုံးမှုမှာ ၂၀၀ ထက်မနည်း ရှိနေပြီး လွိုင်ကော်မြို့တွင်း စစ်ကောင်စီတပ်က အခြေစိုက်တပ်ရင်းများ၊ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) ၊ ရဲစခန်း၊ အစိုးရရုံး၊ ဌာနဆိုင်ရာရုံးတချို့၊ အထပ်မြင့်အဆောက်အအုံ၊ စာသင်ကျောင်း၊ တက္ကသိုလ် နှင့် ဘာသာရေးဘုရားကျောင်းများတွင် တပ်စွဲထားပြီး မြို့တွင်းတိုက်ပွဲများပြင်းထန်နေသည်။
စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးကိုအဓိကအသုံးပြု၍ တိုက်ခိုက်နေသည်။