မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတာဟာ ပျက်စီး နစ်နာမှု များတယ်ဆိုတာ သိပေမယ့် အာဏာရှင်စနစ် အမြစ်တွယ်မှာ ပိုကြောက်တဲ့အတွက် အခုလို စစ်ဆင်ရေးကို အားလုံးက ချမှတ်လိုက်တာ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် -KNDF ဥက္က ခွန်းဘီထူးက စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားပါတယ်။
လွိုင်ကော်မြို့သိမ်း တိုက်ပွဲ ဆင်နွှဲနေတာနဲ့ ပတ်သက်ပြီး ခွန်းဘီထူး ရဲ့ ရှင်းလင်းချက်ကို KNDF ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားတာ ဖြစ်ပါတယ်။
“အခုလို မြို့သိမ်းတိုက်ပွဲတွေဟာ ပျက်စီး နစ်နာမှု များနိုင်တယ် ဆိုတာ သိထားပေမယ့် အာဏာရှင်စနစ် အမြစ်တွယ်မှာကို ပိုကြောက်မိတဲ့အတွက် အခုလို စစ်ဆင်ရေးကို အားလုံးက ချမှတ်လိုက်တာ ဖြစ်တယ်” လို့ KNDF ဥက္ကဌကပြောပါတယ်။
လက်ရှိ တစ်နိုင်ငံလုံး ဖက်ဒရယ် ဒီမိုကရေစီ အရေး တိုက်ပွဲ ဆင်နွှဲနေပြီး ကရင်နီပြည်မှာ အာဏာရှင် ဖြုတ်ချရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တည်ဆောက်ရေး ဖော်ဆောင်နိုင်ဖို့ လွိုင်ကော်မြို့က စစ်ကောင်စီ အုပ်ချုပ်ရေးကို ဖြိုချရမယ်လို့ ခွန်းဘီထူးက ပြောပါတယ်။
“ပြည်သူပြည်သားများ အနေနဲ့ ဘေးကင်းလွတ်ရာတွေကို ယာယီ ရွှေ့နေပေးကြဖို့ကိုလည်း တောင်းဆိုပါတယ်။ ကျွန်တော်တို့ များမကြာမီမှာ လွတ်လပ်ပွင့်လင်းပြီး စည်ကားတိုးတက်သော လွိုင်ကော်မြို့အဖြစ် ပြန်လည် အသက်သွင်းကြရအောင်လို့ တိုက်တွန်း ပြောကြားလိုပါတယ်” လို့ KNDF ဥက္ကဌကပြောပါတယ်။
ကရင်နီပြည်နယ်တွင် တော်လှန်ရေးတပ်ပေါင်းစုက ၁၁၁၁ စစ်ဆင်းရေးကို ဖော်ဆောင်နေပြီး စစ်ဆင်ရေးအတွင်း စစ်ကောင်စခန်း ၈ ခု၊ လက်နက်ငယ် ၁၀၀ ကျော်၊ စစ်သုံ့ပန်း ၁၂ ဦး ရရှိထားပြီး တိုက်လေယာဉ် တစ်စီး ပစ်ချ နိုင်ခဲ့ပါတယ်။
စစ်ဆင်ရေးအတွင်း စစ်ရေးပစ်မှတ်နဲ့ မသက်ဆိုင်တဲ့ နေရာတွေကို စစ်ကောင်စီက လက်နက်ကြီး ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေပါတယ်။