ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အဝင် ကယန်းသာယာလမ်းခွဲ စခန်းသိမ်း ပိုက်စဉ် ရရှိခဲ့သည့် လက်နက်ခဲယမ်းများ မှတ်တမ်းဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ပြသခဲ့သည်။
အဆိုပါတပ်စခန်းကို ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး ၂လက်အပါအဝင် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်များနှင့် ရိက္ခာများသိမ်းဆည်းရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ကရင်နီပြည်၏ ၁၁.၁၁ စစ်ဆင်ရေး (Operation 11.11) ကို နိုဝင်ဘာ ၁၁ရက်မှ စတင်၍ KA၊ KNDF၊ KNPLF၊ DMO- Local PDF၊ မြို့ပြပျောက်ကြားတပ်တို့နှင့်အတူ ပြည်သူ့ ကာကွယ်ရေး တပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်းဌာနမှ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဖရူဆို၊ ဒီမောဆိုနှင့် ရှမ်းတောင် PDF တပ်ရင်းများ ပူးပေါင်းဆင်နွှဲလျက်ရှိပြီး စစ်ကောင်စီအနေဖြင့် တပ်စခန်းများ၊ တပ်စွဲရာနေရာများကို စွန်လွှတ်ခဲ့ရသည်။
ထို့ပြင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်းများစွာကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံထံ လက်နက်ချ အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းရှိခဲ့သည်။