ကရင်နီပြည်နယ် လွိုင်ကော်မြို့၌ ကင်းပုန်းချထားသည့် စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နှင့်အတူ ထွက်ပြေးသွား၍ မြို့တွင်းပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
လွိုင်ကော်မြို့ အထက(၅)၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦးသည် ယမန်နေ့ (စက်တင်ဘာ ၈ရက်)က ထွက်ပြေးသွားခြင်းဟု ဆိုသည်။
“မနေ့က ညနေမှ ထွက်ပြေးသွားတာလို့ ကြားတယ်။အခု တော့ မြို့တွင်းမှာ အပူတပြင်းရှာနေတယ်။အရပ်ဝတ်တွေနဲ့ရော ဒီအတိုင်းအုပ်စုလိုက်စုပြီး စစ်ဆေးတာတွေပါရှိတယ်”ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ရှင်းပြသည်။
ကရင်နီပြည်နယ်တွင် တစ်ခုတည်းသော စစ်ကောင်စီ၏ ယန္တရားလည်ပတ်နိုင်သည့် လွိုင်ကော်မြို့ရှိ တပ်ရင်းတပ်ဖွဲ့များကို လက်ရှိတိုက်ပွဲပြင်းထန်နေသော ဒီးမော့ဆို၊ဖရူဆိုနှင့် ဘောလခဲမြို့သို့ ပို့ဆောင်ရာတွင် သေဆုံးထိခိုက်မှုဖြစ်ပေါ်နေခြင်းမှာ တပ်တွင်းထွက်ပြေးမှုများဖြစ်ပေါ်နေခြင်းဟု မကြာသေးမီရက်ပိုင်းက CDM ပြုလုပ်ထားသည့် စစ်ကောင်စီ ဒုတပ်ကြပ်တစ်ဦးက အသိပေးသည်။
“အခု ကယားကို စစ်ဆင်ရေးဝင်နေတာ စကခ(၂)နဲ့ ရခိုင်ကနေ ရုပ်လာတဲ့ တပ်မ(၅၅)တပ်ရင်းတွေ။ နောက်အခု အင်အားမလောက်လို့ တြိဂံတိုင်းထဲက တပ်ရင်းတွေပါ ခေါ်ထားတယ်။သွားသလောက်သေနေတော့ ဘယ်သူက သွားချင်မှာလဲ”ဟု ၎င်းက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း (၂)နှစ်ကျော်အတွင်း ကရင်နီ(ကယား)ပြည်နယ်၌ CDM ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင် ၃၀၀ကျော်ရှိပြီး စစ်ကောင်စီတပ်သား ၁၃၀ခန့်ရှိကြောင်း ကရင်နီပြည်သူ့ရင်ခွင်၏ အချက်အလက်များအရ သိရသည်။
ထို့အပြင် စိစစ်ဆဲ(CDMဟု မသတ်မှတ်နိုင်သေးသူ) စစ်ကောင်စီတပ်သား ၂၀ဦး ခန့်မှာလည်း ကရင်နီပြည်သူ့ရင်ခွင်၏ စီစဥ်မှုအောက်တွင် ရှိနေသည်။