ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်၊ဆိုင်ခန်းများအား စစ်ကောင်စီတပ်သားများက ဖောက် ထွင်းခိုးယူနေပြီး ရပ်ကွက်များအတွင်း တိုက်မိုင်းနှင့် နင်းမိုင်းများ ထောင်ထားကြောင်း အဆိုပါမြို့ခံများနှင့် မြေပြင်ရဲဘော် အချို့က ပြောသည်။
နောင်ယားနောင်ယား (ခ)ရပ်ကွက်၊ရှမ်းပိုင်းနှင့် မင်းစုရပ်ကွက်များအတွင်း ဗိုလ်ကြီးရှိုင်းထက်အောင်ဦးဆောင်သည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက ခိုးယူနေခြင်းဟု ဆိုသည်။
“ဗိုလ်ကြီးရှိုင်းထက်အောင်ဆိုတာ သူက လွိုင်ကော်အခြေစိုက် စစ်အင်ဂျင်နီယာ အမှတ် (၉၄၂)က။သူပါတယ်ဆိုတာ တပ်အပ် ပြောနိုင်တာက တိုက်ပွဲမဖြစ်ခင် အပြင်မှာ မြင်ဖူးတယ်။ပြီးတော့ သူတို့က အိမ်တွေထက် ဆိုင်တွေကိုပါ ဖောက်ပြီးခိုးနေတာ”ဟု လွိုင်ကော်မြို့တွင် ကျန်ရှိနေသေးသည့် ပြည်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများနှင့် ရဲများက ဖောက်ထွင်းခဲ့သည့် ဆိုင်များစာရင်းအရ နောင်ယား(ခ)ရပ်ကွက်ရှိ ဆိုင်ခန်းများအပါအဝင် မင်းစုရပ်ကွက်ရှိ Techno World၊ရှမ်းပိုင်းရပ်ကွက်ရှိ ဆောင်းဖက်ရှင်စတိုးဆိုင်မှ ပစ္စည်းများလည်း ခိုးယူသယ်ထုတ်နေကြောင်းလည်း ၎င်းက အသိပေးသည်။
“ဒကစ(ဒေသကွပ်ကဲစစ်ဆကင်ရေးဌာနချုပ်) ၊ဆေးရုံကုန်း ပတ်လည်အနီးတဝိုက်က ပြည်သူနေအိမ်တွေကို စကစဖက်က မီးရှို့ ဖျက်ဆီးထားပြီး ၊ မီးရှို့ဖျက်ဆီးထားတဲ့ နေအိမ်ကြားတွေမှာ နင်းမိုင်း ၊တိုက်မိုင်းတွေ ခင်းထားပါတယ်”ဟု လွိုင်ကော်မြို့တိုက်ပွဲအတွင်းရှိ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။
ထို့ကြောင့် ပစ္စည်းများပြန်လာသယ်သည့် ပြည် သူများအနေဖြင့် အန္တရာယ်ရှိကြောင်း ၎င်းက သတိပေးသည်။
“မင်းစုရပ်ကွက်မှာ ပစ္စည်းဝင်သယ်တဲ့ ပြည်သူတစ်ဦးလည်းတိုက်မိုင်း တိုက်မိလို့ ထိခိုက်ဒဏ်ရာရထားပါတယ်။တိုက်မိုင်းကြိုးက ငါးမျှားကြိုးလို့ ၊ဂီတာကြိုးလို သေးသေးလေးမို့ နေ့ခင်းဖက်မှာတောင် သေချာတွေ့ဖို့ခက်ပါတယ်”ဟု အထက်ပါ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်က ရှင်းပြသည်။