ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နမ်ဘုရား အနီး၀န်းကျင်မှာ ဒီနေ့ သြဂုတ်လ ၂၁ ရက် မနက်ပိုင်းက စတင်ပြီး လမ်းသွားလမ်းလာနဲ့ ဆိုင်ကယ်၊ ကားတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီနေရာမှာ ယာဥ်ထိန်းရဲ ၈ ဦးနဲ့ ရဲ ၂၀ ခန့်က မြို့နမ်ဘုရားကနေ နာရီစင်အထိ ဖြန့်ကျက် စောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
“သူတို့ ဌာနပေါင်းစုံ ပါတယ်။ ဆိုင်ကယ်က အဓိက ဦးထုပ်မဆောင်းလို့ ဖမ်းတယ်လို့ သူတို့ပြောတယ်။ ကားက လိုင်စင်စစ်တယ်။ without၊ လူလိုင်စင်။ နေရာဖြန့်ပြီး စောင့်နေတယ်” လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
စစ်ဆေးခံရတဲ့ ဆိုင်ကယ်နဲ့ ကားတွေကို ဖမ်းဆီးတာနဲ့ ငွေကြေး တောင်းခံတာ ရှိမရှိ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အခုလို စစ်ဆေးနေတာကြောင့် လွိုင်ကော်မြို့ထဲမှာလည်း ကား၊ ဆိုင်ကယ်တွေ စစ်ဆေးပြီး ဖမ်းဆီး ငွေညှစ်တာတွေ ဖြစ်လာနိုင်လို့ ပြည်သူတွေ ဂရုတစိုက် သွားလာကြဖို့ မြို့ခံက တိုက်တွန်းထားပါတယ်။
ကရင်နီပြည်နယ် စစ်ကောင်စီ စိုးမိုးရာနေရာ တချို့မှာ စစ်တပ်က ဂိတ်စခန်းချပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ၊ ငွေကြေးတောင်းခံတာတွေကို ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။