လွိုင်ကော်မြို့တွင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအ လောင်းများကို နယ်မြေရှင်းလင်းစဥ် ရေကန်တစ်ခု၌ တွေ့ရှိကြောင်း ဒေသခံများနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။
မြေပြင်ဓာတ်ပုံမှတ်တမ်းအရ မြောင်းအတွင်းရှိ ရေပေါ်၌ ပင် စစ်ကောင်စီတပ်သားရုပ်အလောင်း အနည်းဆုံးလေးခုကို တွေ့ရှိရသည်။
“ထေးငှားလျားကန်ထောင့်မှာပါ”ဟု စစ်ကောင်စီတပ်သားများသေဆုံးနေသည့် ဓာတ်ပုံမှတ်တမ်းကို လွိုင်ကော်ဒေသခံတစ်ဦးက People’s Spring သို့ပြောသည်။
ရေကန်အတွင်းစစ်သားရုပ်အလောင်းအချို့ကို People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/28170?single တွင် ကြည်ရှု့နိုင်ပါသည်။
ယနေ့(ဒီဇင်ဘာ ၂၆ ရက်)တွင်လည်း လွိုင်ကော်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး စစ်ကောင်စီ ကလေယာဥ်အသုံးပြု ဗုံးကြဲနေကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။
“ဒေါဥခူဘက်ကို ပေါင် ၅၀၀ ဗုံးလေးလုံးလောက်ကို လေယာဥ်နှစ်စီနဲ့ ဒီနေ့ပဲ လာကြဲတယ်”ဟု ၎င်းကဆက်ပြောသည်။
ဒေါဥခူရပ်ကွက်ရပ်ကွက် အနောက်ခြမ်းတွင် လွိုင်ကော်အကျဥ်းထောင်ရှိပြီး စစ်ကောင်စီက တပ်စွဲထားကာ ကရင်နီပူးပေါင်းတပ်များက ဒီဇင်ဘာ ၁၆ ရက်က စ၍ သိမ်းပိုက်နိုင်ရန်ကြိုးပမ်းနေသည်။
နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ၁၁၁၁ စစ်ဆင်ရေး နှင့်အတူ လွိုင်ကော်မြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေပြီး တစ်လကျော်ကြာမြင့်သည့်အချိန်တွင် မြို့၏ သုံးပုံ နှစ်ပုံ ကို ထိန်းချုပ်နိုင်ပြီဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူများက ပြောကြာထားသည်။
သို့သော် လွိုင်ကော်မြို့တွင် စစ်ကောင်စီကင်းစခန်း များအပါအဝင် ၎င်းတို့တပ်စွဲထားရာနေရာ ၁၀ ခုခန့်ကျန်ရှိနေပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ရန်ကြိုးပမ်းနေဆဲဖြစ်ကြောင်းလည်း သိရသည်။
လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မ အခြေစိုက်ရာ ဒကစ (လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ ၂၆၁၊ ခလရ ၊၂၅၀၊ခလရ ၅၄၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂) တို့ ရှိသည်။