ကရင်နီ( ကယား) ပြည်နယ် ၊လွိုင်ကော်မြို့ ၊ စက်မှုဇုန်တဝိုက်မှာ ဒီမနေ့မနက်ပိုင်းက စပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံနဲ့ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံကသိရပါတယ်။
ပြည်နယ်မြို့တော် လွိုင်ကော်နဲ့ ရှမ်း − ကယားအစပ် က မိုးဗြဲမြို့တို့ကို ပြန်လည် ရရှိဖို့အတွက် ဆီဆိုင်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အဖွဲ့တွေ တိုက်ပွဲဖြစ်ကြတာပါ။
မနက် ၆ နာရီခန့်မှာတိုက်ပွဲဖြစ်တာဖြစ်ပြီး စစ်ကောင်စီ တပ် စစ်ကြောင်းထိုးလာလို့ ဖြစ်ပွားရတာလို့ လွိုင်ကော်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့ လွိုင်ကော် စက်မှုဇုန် နေရာ ဟာ လွိုင်ကော် နဲ့ ရှမ်းပြည်တောင်ပိုင်းက မိုးဗြဲ ၊ ဆီဆိုင်မြို့တို့ဆက်သွယ်ထားတဲ့ လမ်းခွဲပေါ်မှာ တည်ရှိနေတာပါ။
စစ်ကောင်စီတပ်က အဲဒီနေရာတဝိုက်ကို ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးပမ်းနေတာလို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က လည်းအသိပေးပါတယ်။
လွိုင်ကော် − မိုးဗြဲ − ဆီဆိုင် လမ်းပိုင်းကို ထိန်းချုပ်ပြီးရင်တော့ လွိုင်ကော်ဆီ စစ်ကောင်စီတပ်က ဝင်တိုက်နိုင်တယ်လို့ အဲဒီစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။
လွိုင်ကော်မြို့မှာ နေထိုင်သူတွေနဲ့ စစ်ရှောင် ပြည်သူတွေကို စစ်ရေး သတိပြု ကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက အသိပေးထားတယ်လို့သိရပါတယ်။
လွိုင်ကော်မှာ စစ်ကောင်စီက ဒေသကွပ်ကဲမှု စစ်ဌာနချုပ် အခြေစိုက်ထားပြီး ခြေလျင်တပ်၊အမြှောက်တပ် ၊ ထောက်ပို့ နဲ့ဆက်သွယ်ရေးတပ်တွေ ရှိနေပါတယ်။
ကရင်နီ တော်လှန်ရေးတပ်တွေဟာ လွိုင်ကော်မြို့ကို သိမ်းဖို့အတွက် ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ ၁၁ ရက်က စတင်တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း မြို့တော် ရဲ့ နေရာအများစုကို ထိန်းချုပ်နိုင်ထားပါတယ်။