ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစမှူး) ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းများကို ဖမ်းဆီးရမိခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ယနေ့(ဩဂုတ် ၂၈ရက်)တွင် သတင်းထုတ်ပြန်သည်။
လွိုင်ကော်မှ တနိုင်းမြို့နယ်သို့ တပ်ပြောင်းရွှေ့ လာသော ရန်သူ့တပ်မှ ဗိုလ်မှူးချုပ်မြတ်မင်းမိုး၏ တပ်သုံးပစ္စည်းများနှင့်အိမ်ထောင်သုံးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
ရန်သူ့တပ်မှ ဗိုလ်မှူးချုပ်မြတ်မင်းမိုးသည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)၏ ဒေသကွပ်ကဲမှူစစ်ဌာနချုပ်မှူး(ဒကစမှူး)အဖြစ်မှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း)သို့ ဒေသကွပ်ကဲမှူစစ်ဌာနချုပ်မှူး(ဒကစမှူး)အဖြစ် ရွှေ့ပြောင်းလာစဉ် ၎င်း၏ ပစ္စည်းများကို ထီးချိုင့်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
သြဂုတ်၉ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင်ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်-ပကဖ)က ထီးချိုင့်မြို့နယ်တွင် ကုန်ကား များကို စစ်ဆေးနေစဉ် စစ်သုံးပစ္စည်းများ ပါလာသည့် ကုန်တင်ယာဉ်ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ၁၂ဘီးကား ကုန်တင်ယာဉ်ပေါ်၌ စစ်ယူနီဖောင်း (၇၀) စုံ၊ ကျည် ၄၆၅ တောင့်၊ လက်ပစ်ဗုံး (၅) လုံး၊ Skynet (၂) လုံး၊ ဓာတ်မြေသြဇာ (၁၅၀) အိတ် ၊ Sony အမျိုးအစား Camera (၁) လုံး ၊ Fax စာပို့စက် (၁) လုံး၊ Jammer အကြီး (၁) လုံး ၊ Jammer အသေး (၁) လုံး၊ PC Computer (၂) လုံး ၊ TYT ဆက်သွယ်ရေးစက် (၄) လုံး ၊ Inverter (၄) လုံး ၊ Equipment (၁) စုံ၊ စစ်ဖိနပ် (၃)ရံ၊ ဆုတံဆိပ် (၆) ခု၊ TV (၂)လုံး၊ ကော်ရည်လောင်းစက် (၁)ခု၊ ကတ်ထရစ် (၂) ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်ထားသည်။
“ကျတော်တို့ ထီးချိုင့်၊ ကသာတကျောက PDFစိုးမိုးထားတာပါ။ အဲ့ဒီနေ့ကလည်း ကားတွေကို စစ်တာ။ လူလိုက်မလာဘဲ သူ့ကုန်ကားနဲ့ ပို့တာဗျ။ ဒါကြောင့် ပစ္စည်းတွေပဲ ရလိုက်တာ”ဟု ထီးချိုင့်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ထီးချိုင့်မြို့နယ်၌ ဩဂုတ်လအတွင်း စစ်ဆေးမှုတွင် ကချင်ပြည်နယ် နမ်ဆန်ယမ်မှ ပြောင်းလာသည့် စစ်ကောင်စီဗိုလ်တစ်ဦးကာ ဖမ်းမိထားသည်ဟု ၎င်းက ပြောသည်။