ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေ သွေးလွန်တုတ်ကွေးရောဂါ အလုံးအရင်း ဖြစ်ပွားနေလို့ ဆေးရုံနဲ့ ဆေးခန်း မလုံလောက်တာတွေ ဖြစ်နေတယ်လို့ မြို့ခံ ပြည်သူတွေက ပြောပါတယ်။
ဇွန်လ နောက်ဆုံး အပတ်က သွေးလွန်တုတ်ကွေး ဖြစ်ပွားသူ အနည်းငယ် ရှိလာခဲ့ရာကနေ အခု ဇူလိုင်လ နောက်ဆုံး အပတ်မှာတော့ အချင်းချင်း ကူးစက်တာတွေကြောင့် ရောဂါ ဖြစ်ပွားသူ ၃ ဆခန့် တိုးလာတာပါ။
စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက “တော်တော်များများကို ဖြစ်နေကြတာလေ။ မဖြစ်တဲ့သူ မရှိသလောက်ပဲ။ တချို့ဆို မိသားစုလိုက်ကို ဖြစ်တာ။ မြို့ပေါ်ကျ ဆေးရုံ ဆေးခန်းသွားကြပေါ့။ အဲဒါလည်း ဆရာဝန် အင်အားနဲ့ မမျှလို့ အတော်ရက်ချိန်း ယူရတယ်။ ရွာဘက်ကျ ပိုခက်ခဲတာပေါ့” လို့ ပြောပါတယ်။
ရောဂါဖြစ်ပွားသူတွေထဲမှာ အသက် ၁၃ နှစ်အောက် ကလေးသူငယ်တွေ အများဆုံး ပါဝင်ပြီး တစ်ရက်ကို ပျမ်းမျှ ၁၀ ယောက်ကနေ ၁၅ ယောက်အထိ ကူးစက်နေတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့ဟာ ကရင်နီပြည်နယ် တစ်ခြား မြို့တွေထက် NGOs တွေ CSOs (အရပ်ဘက် အဖွဲ့အစည်း)တွေ ကူညီပေးနေတာကြောင့် လတ်တလော မစိုးရိမ်ရပေမယ့် ရောဂါဖြစ်ပွားသူ အခုထက် များလာရင်တော့ ဆေးဝါး မလုံလောက်တဲ့ ပြဿနာတွေ ကြုံလာနိုင်တယ်လို့ ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။
“ဒီထက် မများလာအောင်တော့ ဆုတောင်းရမှာပဲ။ ဆေးတွေက ကျနော်တို့ ခိုးဝှက်ပြီး သယ်ရတာလေ။ အများကြီးလည်း မသယ်နိုင်ဘူး။ ကူးစက်သူ များလာရင်တော့ ပြဿနာ ရှိတယ်” လို့ သူက ရှင်းပြပါတယ်။
လက်ရှိ ရောဂါဖြစ်ပွားနေသူတွေဟာ တောထဲ တောင်ထဲမှာ စစ်ဘေးရှောင်တဲ့အချိန် ခြင်ကိုက်ခံရတာကြောင့် လွိုင်ကော်မြို့ပေါ် ရောက်တဲ့အချိန်မှာ ရောဂါ ပါလာတာလို့ ဆိုပါတယ်။
လွိုင်ကော်မြို့မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ ဇွန်လ အလယ်ပိုင်းကစပြီး ဖယ်ခုံ၊ မိုးဗြဲနဲ့ ဖားဆောင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြောင်းရွှေ့လာကြတာ ဖြစ်ပြီး လူဦးရေ ၂,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။