ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့ အကျဉ်းထောင်ကနေ အကျဉ်းသား ၃၈ ဦး လွတ်မြောက်လာပြီး နိုင်ငံရေး အကျဉ်းသား ၁၃ ဦး ပါဝင်တယ်လို့ နိုင်ကျဉ်း မိသားစုဝင်တွေက ပြောပါတယ်။
ဧပြီလ ၁ ရက်နေ့ည ၁၂ နာရီမှာ လွတ်မြောက်လာတာဖြစ်ပြီး အမျိုးသမီး ၅ ဦး၊ အမျိုးသား ၈ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
KPPA ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဇင်လင်းထက်က “အခုက လွတ်ရက်စေ့လို့ လွတ်တာပေါ့နော်။ လွတ်ငြိမ်း ပါတာမျိုး မဟုတ်ဘူး။ လိုက်ဖို့လည်း မလွယ်ဘူးလေ ဒီမှာက။ လိုက်ရင်တောင်မှ လွတ်ငြိမ်းပါနိုင်ခြေက အရမ်းနည်းတယ်ပေါ့နော်။ နောက်ပိုင်း အမှုတွေက ရက်စေ့နေပြီးမှ လွတ်ကြတာ။ ၁၃ ယောက်ထဲမှာ အမျိုးသမီးလည်း ပါတာပေါ့နော်” လို့ ပြောပါတယ်။
လွတ်မြောက်လာတဲ့ နိုင်ကျဉ်း ၁၃ ဦးကို KPPA တာဝန်ရှိသူတွေက လွိုင်ကော်ထောင်အထိ သွားရောက် ကြိုဆိုခဲ့ကြပြီး ၈ ဦးကိုတော့ နေရပ် ပြန်ပို့ပေးတာ၊ သွားလာဖို့ ကူညီဆောင်ရွက်ပေးတာ၊ အလုပ်အကိုင် ရှာဖွေပေးတာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ နိုင်ကျဉ်းတွေဆီက သိရပါတယ်။
ဒါ့အပြင် နေရပ်ပြန်ဖို့ ခက်ခဲတဲ့ နိုင်ကျဉ်း ၅ ဦးကိုလည်း KPPA က ခေါ်ယူထားပြီး အလုပ်အကိုင် ပေးအပ်ထားတယ်လို့ ဆိုပါတယ်။
“သူတို့ကို ကူညီဆောင်ရွက်ပေးတာက ကျနော်တို့ လုပ်နေကြ အရာတွေပေါ့နော်။ လွတ်လာတဲ့ နိုင်ကျဉ်းတိုင်းကို သူတို့ ဘယ်မှာနားချင်လဲ။ သူတို့နဲ့ ကိုက်ညီမယ့် အလုပ်မျိုးဆိုရင် ရှာပေးတယ်ပေါ့နော်” လို့ ကိုဇင်လင်းထက်က ဆက်ပြောပါတယ်။
လွိုင်ကော်အကျဉ်းထောင်က နိုင်ကျဉ်းတွေဟာ လွတ်ရက်စေ့ပြီး ၂ လအကြာမှ လွတ်မြောက်ခွင့်ရကြပြီး အဲဒီ လွတ်ခါနီး ၂ လတာ ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံခဲ့ရတယ်လို့ နိုင်ကျဉ်းဟောင်းတွေဆီက သိရပါတယ်။
ဒါ့အပြင် နိုင်ကျဉ်းတွေဟာ အကျဉ်းကျစဉ် ကာလမှာလည်း ထောင်ဝင်စာ လာပို့တဲ့အထဲက စားနပ်ရိက္ခာ ဖြတ်ယူတာ၊ ဧည့်တွေ့ခွင့်ကို ငွေကြေးအဆမတန် တောင်းခံတာ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ကျဉ်း မိသားစုဝင်တွေက ပြောပါတယ်။