ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် ခမရ (၅၄) တပ်ရင်းရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ဒီကနေ့ မနက် ၇ ကျော်က ဒေါတမရပ်ကွက်၊ စစ်တပ် ခမရ (၅၄) တပ်ရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့က ပစ်ခတ်သွားတယ် ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“သတင်းမထုတ်ပြန်သေးတော့ အတိအကျ မပြောတတ်သေးဘူး” လို့ သူကရှင်းပြပါတယ်။
စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရပြီးနောက် တပ်တွင်း လှုပ်ရှားမှု အနည်းငယ် ရှိပေမဲ့ လွိုင်ကော်မြို့ထဲမှာ အခြေအနေတွေ တည်ငြိမ်နေလို့ ဆိုပါတယ်။
ဇူလိုင်လ ပထမအပတ်က စတင်ကာ လွိုင်ကော်မြို့ကို စစ်ကောင်စီတပ် အင်အား အများအပြား ဆက်တိုက် ပို့ဆောင်နေတာဖြစ်ပြီး လွိုင်ကော်မြို့က တစ်ဆင့် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော၊ ရွာသစ်မြို့နယ်တွေကို စစ်အင်အားတွေ ဖြန့်ကျက် ပို့ဆောင်နေတာ ဖြစ်ပါတယ်။