ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ နိုဝင်ဘာ ၁၁ ရက်တည်းက တိုက်ပွဲပြင်းထန်နေပြီး မြို့တွင်းရှိပြည်သူတွေ တရက်ထက်တရက် စစ်ရှောင်ဖို့ထွက်လာတဲ့သူတွေ များပြားလာကာ အရေးပေါ်စားနပ်ရိက္ခာနဲ့ အခြေခံအသုံးဆောင်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေထံက သိရပါတယ်။
ပိတ်မိနေတဲ့ စစ်ရှောင်တွေနဲ့ ကူညီကယ်ဆယ်ပေးသူတွေက လမ်းတွေမှာ စစ်ကောင်စီဘက်က ပစ်မှတ်ထား တိုက်ခိုက်လို့ လမ်းခရီးနားလိုက် သွားလိုက် လုပ်နေရတယ်လို့ ကူညီကယ်ဆယ်သူတွေက ပြောပါတယ်။
KHAI (Karenni Humanitarian Aid Initiative) တာဝန်ရှိသူက “တပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲတွေနဲ့ လောလောဆယ် ရောက်နေတဲ့နေရာမှာ ထမင်းချက်ကျွေးဖို့ လုပ်နေပါတယ်။ အထူးသဖြင့် ဘတ်ဂျက်မလုံလောက်၊ အများကြီးလိုအပ်တယ်။ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး အခြေခံစားနပ်ရိက္ခာ လိုအပ်သလို မိုးကာ တာလပတ်တွေ ယာယီတည်းဖို့နဲ့ စောင်၊ ခြင်ထောင်တွေ လိုနေတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက်အထိ KHAI နဲ့ မိတ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး လွိုင်ကော်မြို့မှာ ပိတ်မိနေတဲ့ စစ်ရှောင်ဦးရေ ၄၀၀ ကျော် ကယ်ထုတ်နိုင်ပြီဖြစ်တယ်လို့ KHAI က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၁၆ ရက် မနက်မှာ လွိုင်ကော်မြို့ထဲမှာ စစ်ရှောင်သွားတဲ့ကားတစီး အပစ်ခံရပြီး မထွက်ရဲကြလို့ မနေ့က ကူညီကယ်ထုတ်ပေးတာ နည်းနည်းပါးတယ်လို့လည်း မြေပြင်ကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။
လွိုင်ကော်မှာ စစ်ရှောင်ခန့်မှန်းဦးရေ ၂၅,၀၀၀ ခန့်ရှိနေပြီး ပိတ်မိနေဆဲ စစ်ရှောင်တွေ ဆက်လက်ရှိနေနိုင်ကာ အမျိုးသမီးအသုံးအဆောင်ပစ္စည်းနဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။