ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အကြီးအကဲ ဒကစမှူးကို အချိန်မရွေးပြေးနိုင်ရန် စစ်ကောင်စီတပ်က ရဟတ်ယာဉ် စီစဉ်ပေးထားကြောင်းသိရသည်။
နိုဝင်ဘာ၂၂ရက်၊နံနက်ပိုင်းက လွိုင်ကော်အခြေစိုက် ခမရ-၅၄တပ်ရင်းထဲသို့ ရဟတ်ယာဉ်တစ်စီး ရောက်ရှိလာကာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၏ ဒကစမှူးကို လုံခြုံရေးအကာအကွယ်ပေးရန် ညွှန်ကြားထားကြောင်း လွိုင်ကော် ၅၄တပ်ရင်းနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“၅၄တပ်ရင်းထဲမှာ ရဟတ်ယာဉ်ရှိတယ်ပေါ့။ဒါကလည်း ဒကစမှူးကို အကာအကွယ်ပေးဖို့နဲ့ ဆုတ်ခွာတဲ့အခါ လုံခြုံရေးအရ ပိုအဆင်ပြေအောင် ရဟတ်ယာဉ်စီစဉ်ပေးတာပေါ့။ရဟတ်ယာဉ်ဆင်းသက်တာကတော့ ၅၄တပ်ရင်းမှာပဲ။ဒကစနား တစ်ဝိုက်ကိုလည်း လုံခြုံရေးရှယ်ချထားတယ်။အနားကိုလာတာနဲ့ ဘယ်သူ့ကို မဆိုပစ်မိန့်ပေးထားတယ်”ဟု ၎င်းက ပြောသည်။
ယခုနှစ်စက်တင်ဘာ ၁ရက်နေ့က ကယားပြည်နယ်၊အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ်ခန့်အပ်ခဲ့သော ဗိုလ်မှူးကြီး သန်းစိုးအောင်ကိုလည်း အဆိုပါရဟတ်ယာဉ်ဖြင့် ပြေးရန် စီစဉ်ပေး ထားပုံရ ကြောင်း၎င်းကပြောသည်။
” ဗိုလ်မှူးကြီး သန်းစိုးအောင်ဆိုတာ လောက်ကိုင်ကနေ လွိုင်ကော်ကို ပြောင်းလာတာပေါ့။အကပ်ကောင်းပုံရတယ်။အခုလည်း လွိုင်ကော်ကို မထိန်းနိုင်မှန်းသိတော့ ဒကစမှူးပြေးရင် သူပါ အဆင်သင့်ပြေးနိုင်အောင် ၅၄တပ်ရင်းထဲမှာပဲ ရဟတ်ယာဉ်ကို စီစဉ်ပေးပုံရတယ်”ဟု ၎င်းက ပြောသည်။
နိုဝင်ဘာ၂၂ရက်က လွိုင်ကော် အခြေစိုက် ၅၄တပ်ရင်းနှင့် ဒကစရုံးမှ ခေါင်းဆောင်ပိုင်းအချို့နှင့် မိသားစုဝင်များသည် ဘော်လခဲ မြို့တွင်းသို့ တိတ်တဆိတ်ထွက်ခွာသွားကြကြောင်း ဘော်လခဲမြို့ရှိ မြေပြင်သတင်းရင်းမြစ်က ပြောသည်။
“အခုလွိုင်ကော်မှာ အခိုင်အမာ စစ်အင်အားရှိတာဆိုလို့ ၅၄တပ်ရင်းပဲ ကျန်တော့တယ်။ဒကစရုံးကလည်း အပြင်မှာရှိတဲ့ လုံခြုံရေးက အကုန်ပဲ။အထဲမှာ ဘာမှ မရှိတော့ဘူး။ဒါစစ်တပ်ရဲ့ တကယ့်မြေပြင်အခြေအနေပေါ့။လွိုင်ကော်က စစ်တပ်ခေါင်းဆောင်ပိုင်းကကောင်တွေနဲ့ မိသားစုတွေကတော့ ဘော်လခဲမှာ အေးဆေးနေနေကြပြီ”ဟု ၎င်းက ပြောသည်။