ကယား (ကရင်နီ)ပြည်၊ လွိုင်ကော်မြို့ရှိ အချုပ်ခန်းက အကျဉ်းသား ၃ ဦး ဖမ်းဆီး နှိပ်စက်ခံရမှုမှာ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ ရောက်မှ မိသားစုဝင်တွေက သိရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့ လွိုင်ကော် အကျဉ်းထောင် ဖောက်ပြေးစဉ်က အသက် ၁၈ နှစ်အောက် နိုင်ငံရေး အကျဉ်းသား ၃ ဦး ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး စစ်ကြောရေးမှာ တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇင်လင်းထက်က “လွိုင်ကော် အချုပ်ရဲ့ တည်ဆောက်ပုံကလေ အမျိုးသားဆောင် အမျိုးသမီးဆောင်ကြားမှာ ဘိုလျှောက်လမ်း ရှိတယ်ပေါ့နော်။ အဲဒီ လျှောက်လမ်းမှာပဲ သူက သေသွားတာပေါ့။ ကျန်တဲ့ သူတွေက အချုပ်ထဲမှာပဲ နှိပ်စက်ခံရတာ” လို့ ပြောပါတယ်။
သေဆုံးသူဟာ လွိုင်ကော်မြို့၊ နာနတ်တော ရပ်ကွက်မှာ နေထိုင်သူ ဂျော့မောင်ငယ် ဖြစ်ပြီး ၅၀၅ အမှုနဲ့ စွဲချက်တင် ခံထားရတယ်လို့ သိရပါတယ်။
သူဟာ နှိပ်စက်ခံရပြီးနောက် သေဆုံးခါနီး အချိန်မှာ သေနတ်နဲ့ ပစ်ခံရတာ ဖြစ်ပြီး ဆေးကုသခွင့် မရတာကြောင့် သေဆုံးတာလို့ ဆိုပါတယ်။
ဒါ့အပြင် ကျန် ၂ ဦးဟာလည်း စစ်ကြောရေး ဒဏ်တွေကြောင့် ဦးခေါင်းကွဲ၊ မေးရိုးကွဲ၊ ခြေကျိုး၊ လက်ကျိုး၊ ခါးရိုးကျိုး၊ နှာခေါင်းရိုးကျိုး စတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဒီနေ့အထိ ဆေးကုသခွင့် မရသေးဘူးလို့ နိုင်ကျဉ်း မိသားစုဝင်တွေက ပြောပါတယ်။
“ဦးဆောင်သူလို့ သူတို့ ယူဆလိုက်တဲ့ သဘော ဖြစ်မယ်နဲ့ တူတယ်။ ဥပမာ ဆိုရင် အချုပ်ဖောက်တဲ့ အချိန်မှာ သူတို့ အများကြီး အပြင်ကို ရောက်သွားတယ်။ အဲမှာ ရဲတွေ အားလုံး ပြန်ဝင်လာတော့ အားလုံးက ဒီအချုပ်ဖောက်ထားတဲ့ အပေါက်ကနေ ပြန်ဝင်တဲ့ အချိန်မှာ သူတို့က အပြင်မှာ ကျန်ခဲ့တာပေါ့” လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇင်လင်းထက်က ဆက်ပြောပါတယ်။
စစ်ကောင်စီ အနေနဲ့ သူတို့ ပြဌာန်းထားတဲ့ ထောင်ဥပဒေအတိုင်း နိုင်ကျဉ်းတွေကို လုပ်ဆောင်စေလိုပြီး ဘယ်အခြေနေရောက်ရောက် လူသားဆန်ဆန် ဥပဒေအတိုင်း ဆောင်ရွက်စေချင်တယ်လို့ ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး (KPPA)က တောင်းဆိုထားပါတယ်။