ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် စစ်ကောင်စီ (၂၆၁) တပ်ရင်းက ဒီကနေ့ ဇွန်လ ၂၇ ရက်၊ မနက်ပိုင်းကစပြီး လက်နက်ကြီးနဲ့ ကျေးရွာတွေကို ရမ်းကား ပစ်ခတ်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက စပြီး စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်နေတာဖြစ်ပြီး လွိုင်ကော်မြို့ ဝန်းကျင်မှာ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ သူကပြောပါတယ်။
“ထုနေတာတော့ မနက်တည်းကပဲ။ အဲ့နားမှာ တိုက်ပွဲ မရှိပါဘူး။ သူတို့ပစ်တဲ့ ဘက်က ပြည်သူတွေနေတဲ့ ကျေးရွာပဲ ရှိတာလေ။ စပစ်တဲ့ အချိန်လောက် ကတည်းက ဖုန်းလိုင်းတွေ ဖြတ်ထားတယ်။ MPT က ဖုန်းရတယ်။ အင်တာနက် မရဘူး။ အော်ရီဒူးနဲ့ တယ်လီနော ကတော့ လိုင်းပျောက်သွားပြီ။ မိုင်တဲ တစ်ခုပဲ ရတော့တယ်” လို့ သူကပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် တစ်ချို့ ပျက်စီးမှု ရှိတယ်လို့ ကနဦး သိရပေမဲ့ ပြည်သူ ထိခိုက် သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ လွိုင်ကော် PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လွိုင်ကော် (၂၆၁) တပ်ရင်းက စစ်သား မိသားစုတွေနဲ့ ခြောက်လုံးတန်း ဝန်ထမ်း အိမ်ရာက Non CDM ဝန်ထမ်းတွေကို ခေါ်ထုတ်သွားပြီး ဖြစ်ပါတယ်။
အဲဒီနောက် စစ်သားတွေကို လေယာဉ်နဲ့ လွိုင်ကော် လေဆိပ်သို့ ပို့ဆောင် စစ်အင်အား တိုးချဲ့ခဲ့ပြီးနောက် အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု စတင်လာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
လွိုင်ကော်မြို့ ဝန်းကျင်မှာ လတ်တလော တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ စစ်ကောင်စီ မြို့ကို ခြေကုပ်ယူပြီး အင်အားဖြည့်ကာ ကရင်နီပြည်နယ် အတွင်းပိုင်း ထိုးစစ်ဆင်လာနိုင်တယ်လို့ ဒေသခံက ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်း ကုန်းလမ်းကနေ အင်အားဖြည့်တဲ့ စစ်ကောင်စီ စစ်ကားတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေ မိုင်းဆွဲ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေကြောင့် လွိုင်ကော် လေဆိပ်ကို အားပြုပြီး အင်အား တိုးချဲ့တဲ့ ဗျူဟာကို ကျင့်သုံး နေတယ်လို့ စစ်ရေး လေ့လာတစ်ဦးက သုံးသပ် ပြောဆိုထားပါတယ်။