ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ခြမ်း တစ်နေရာမှာ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေပြီး မနေ့ ညပိုင်းကတော့ စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်နေတယ်လို့ လွိုင်ကော် ဒေသခံ တစ်ဦးက ပြောပါတယ်။
လွိုင်ကော် အရှေ့ခြမ်းနဲ့ ရှားတောမြို့နယ် အစပ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ စက်တင်ဘာလ ၁၈ ရက်က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲက ၁၈ ရက်နေ့တည်းက ဒီနေ့ထိ ဖြစ်နေတာပေါ့။ အသံတွေက ကြားနေရတာ၊ ညကတော့ သူတို့ (စစ်ကောင်စီ) ဘက်က အတွဲလိုက်ဒုံးတွေ ပစ်လာတယ်။ တစ်ခါပစ် အတွဲလိုက် ၄ လုံးလောက်ရှိမယ်။ မြို့စပ်က အိမ်တွေတောင် တုန်တယ်” လို့ သူကရှင်းပြပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ လွိုင်ကော် အရှေ့ခြမ်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး လွိုင်ကော် PDF တာ၀န်ရှိသူတွေကို မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ စစ်ရေးအခြေအနေအရ ဖြေကြားဖို့ ငြင်းဆိုပါတယ်။
စစ်ကောင်စီဟာ ကရင်နီပြည်နယ် အနှံ့ ထိုးစစ်ဆင်နေပေမယ့် နယ်မြေနဲ့ စီးပွားရေးအရ အချက်အချာကျတဲ့ လွိုင်ကော်မြို့နယ် တစ်၀ိုက်မှာ တိုက်ပွဲဖြစ်ပွားမှု နည်းပါးရာက အခုလို တိုက်ပွဲတွေ ရက်ရှည်နေတဲ့ အပေါ် စိုးရိမ်တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။