ကရင်နီပြည်နယ် ၊ လွိုင်ကော်မြို့၊ လွိုင်လင်လေး ခမရ (၅၃၀)၊ နွားလဝိုး စစ်ဆင်ရေးစခန်းကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက် လိုက်ပြီလို့ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-PNDF က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ကရင်နီနဲ့ ရှမ်းတောင် PDF တပ်ရင်းတွေ ပူးပေါင်းပြီး နွားလဝိုး စစ်ဆင်ရေး စခန်းကို ‘၁၁၁၁ စစ်ဆင်ရေး’ အဖြစ် ၂ ရက်ကျော်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားပြီး နိုဝင်ဘာ ၁၄ ရက်မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် စခန်းစွန့်ခွာ ထွက်ပြေးပြီးနောက် နယ်မြေ ရှင်းလင်းရာ လက်နက် ခဲယမ်း တစ်ချို့နဲ့ ရိက္ခာတွေ ရရှိခဲ့တယ်လို့ ဖော်ပြထားပေမယ့် ၂ ဖက် တပ်ဖွဲ့ ထိခိုက် သေဆုံးမှုကိုတော့ ဖော်ပြထားခြင်း မရှိပါ။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်တာကြောင့် စခန်း အနီးက အရပ်သား နေအိမ်တွေ ပျက်စီးပြီး ပူးပေါင်း စစ်ကြောင်းက ရဲဘော် တစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ PNDF ကပြောပါတယ်။
လက်ရှိ ကရင်နီ “၁၁၁၁ စစ်ဆင်ရေး” အရှိန်မြှင့်တင်မှာဖြစ်ပြီး စစ်ကောင်စီ စခန်းတွေကို ဆက်လက် တိုက်ခိုက်မှာ ဖြစ်သလို ပြည်သူတွေ အနေနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေကို သတိထား လိုက်နာပေးဖို့ မေတ္တာရပ်ခံ ထားပါတယ်။