အာဏာသိမ်း စစ်ကောင်စီအဖွဲ့က ဖမ်းဆီးထားတဲ့ ပြည်သူတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် NLD ပါတီဝင် ၁၂၀၀ ပါဝင်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၊ လက်မခံတာကြောင့် ဥပဒေမဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အရေအတွက်က စုစုပေါင်း ၁၃၅၃၄ ဦး ရှိရာမှာ ၄၃၃၂ ဦး ပြန်လည်လွတ်မြောက်လာပြီး လက်ရှိမှာ ၉၂၀၂ ဦးကျန်ရှိတယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD) က ဖော်ပြပါတယ်။
ထုတ်ပြန်ချက်အရ အဖမ်းခံထားရတဲ့ NLD ပါတီဝင် ၁၂၀၀ထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့အချိန်အတွင်းမှာ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ စုစုပေါင်း ၃၈၁၈ဦးရှိရာ အဆိုပါအရေအတွက်ထဲမှာ လွှတ်တော်ကိုယ်စားလှယ် (၂) ဦးအပါအဝင် NLD ပါတီဝင် ၉၃ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နေအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်၊ သိမ်းဆည်းခံရသူ ၆၂၅ ဦး ရှိရာမှာ လွှတ်တော်ကိုယ်စားလှယ် ၁၇၁ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်ခဲ့သလို NLDရဲ့ ပါတီဝင် ၃၃၃ ဦးတို့ရဲ့ ပိုင်ဆိုင်မှုတွေလည်း ပါဝင်ခဲ့ပါတယ်။
နေအိမ်နဲ့ ပိုင်ဆိုင်မှု သိမ်းခံရတဲ့ NLD ပါတီဝင်စာရင်းမှာ ထိုင်းနိုင်ငံဘက်ထွက်ပြေးတိမ်းရှောင်နေရင်း အရင်လ ၁၇ ရက်နေ့က သေဆုံးခဲ့တဲ့ NLD အစိုးရလက်ထက် တနင်္သာရီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းလည်း ပါဝင်ပါတယ်။
လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာမှာရှိတဲ့ ဦးမြင့်စန်းရဲ့နေအိမ်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ချိတ်ပိတ်ခဲ့တာပါ။
ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့စာရင်းတွေက စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေ ဖြစ်တယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD) က အသိပေးထားပါတယ်။