ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ငမိုးရိပ်ဆည်ရေပိုလွှဲ ၆ ပေ ၁၀လက်မအထိမြင့်တက်ခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်လေးခုထက်မနည်း ရေနစ်မြုပ်ခဲ့သလို ငမိုးရိပ်ဆည်အောက်မှာရှိတဲ့ ရွာတချို့လည်း ရေဘေးသင့်နေကြပါတယ်။
ဒီအခြေအနေတွေကြောင့် ထောင်နဲ့ ချီတဲ့ဒေသခံတွေလည်းအကူအညီလိုအပ်နေကြပြီး ကယ်ဆယ်ရေးတွေလည်းလိုအပ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေကဆိုကြပါတယ်။
“ရေမကြီးတာကြာပြီ၊ ဒီနှစ်က အဆိုးဆုံးပဲ။ အစ်မတို့ အမြင့်ပိုင်းတွေတောင် ရေကခါးရှိတယ်” လို့ သီတာအေးရပ်ကွက်နေ အမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိမှာတော့ မြို့ပေါ်ရပ်ကွက်တွေအပြင် ငမိုးရိပ်ဆည်အောက်က ဖောင်ကြီး၊ကြို့ကုန်း၊ညောင်ကုန်း၊ ၁၂ မိုင်၊စာဘူးတောင်း ရွာတွေပါ ရေနစ်မြုပ်နေသလို ဖောင်ကြီးလှည်ကူးကားလမ်းလည်း ရေကျော်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ပျှမ်းမျှအားဖြင့် ၇၂ နာရီအတွင်း ၂၅ မီလီမီတာ မိုးဆက်ရွာသွန်းနိုင်ပြီး ရှမ်း၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ကရင်နဲ့ မွန်ပြည်နယ်မှာလည်း မိုးရေချိန်စုစုပေါင်း ၅၀ မီလီမီတာကနေ ၇၅ မီလီမီတာအထိ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသ သတင်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ ဦးဝင်းနိုင်က ပြောဆိုထားပါတယ်။