ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းခုံးကျော်တံတားအောက်မှာ စက်ဘီးနဲ့စကိတ်စီးနေတဲ့ လူငယ် ၅၀ ကျော်ကို စစ်တပ်က ဝမ်းလျားမှောက်ခိုင်းပြီး ရိုက်နှက်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
ဒီနေ့ မေလ ၂၁ ရက် မနက်ပိုင်း ၇ နာရီကျော်အချိန်က စစ်ကောင်စီမှ စစ်ကား ၂ စီးရောက်ရှိလာပြီးနောက် စကိတ်ကွင်းမှာဆော့ကစား နေတဲ့လူငယ်တွေကို မေးမြန်းပြီးဝမ်းလျားမှောက်ခိုင်းကာ လူငယ်တွေကိုရိုက်နှက်ခဲ့တာ ဖြစ်တယ်လို့မျက်မြင် တွေ့သူတစ်ဦးက ပြောပါတယ်။
“ကလေးတွေက ဆော့ဖို့လုပ်နေတုန်း သူတို့ကားနှစ်စီးနဲ့ ရောက်လာတာ။ စစ်သားတစ်ယောက်က မင်းတို့ ဆန္ဒပြဖို့လူစုနေတာလားဆို ပြီးမေးတယ်။ အဲ့မှာကလေးတစ်ယောက်က ကြောက်ပြီး ဟုတ်ကဲ့လို့ ဖြေလိုက်တာ။အဲ့ကောင်လေးကို သေနတ်ဒင်နဲ့ထုပြီး ကျန်တဲ့ ကလေးတွေပါ ဝမ်းလျားမှောက်ခိုင်းပြီးရိုက်သွားတာ”လို့ သူကပြောပါတယ်။
စက်ဘီးနဲ့စကိတ်စီးတဲ့ လူငယ်အကုန်လုံးကို ရိုက်နှက်ပြီးနောက် လာရောက်ဆော့ကစားနေတဲ့ အဆိုပါစကိတ်ကွင်းကို ပိတ်လိုက်ပြီး လာရောက်စီးခွင့်မရှိတော့ဘူးလို့ စစ်တပ်ကပြောသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒီနေ့ မနက်ပိုင်းက စစ်တပ်က လှည့်ကင်းပတ်ကင်းတွေ ပြုလုပ်နေစဉ် ယခုကဲ့သို့ရိုက်နှက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီက ဖမ်းဆီးသွားတဲ့လူငယ်တွေ မရှိခဲ့ဘူးလို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။