ရန်ကုန်၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ အတက်ရောင် ဝတ်ဆင်ထားတဲ့ အမျိုးသား တစ်ဦးကို စစ်ကောင်စီတပ်က စစ်ဆေးပြီးနောက် လက်ထိပ်ခတ် ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဩဂုတ်လ ၂၆ ရက်၊ မနက် ၉ နာရီ ဝန်းကျင်က လှည်းတန်းဘူတာမှာ စစ်ကားတစ်စီးနဲ့ လမ်းသွား လမ်းလာ လူငယ်များရဲ့ လက်ကိုင်ဖုန်းတွေ စစ်ဆေးနေစဉ် အနက်ရောင် တီရှပ် ဝတ်ဆင်ထားတဲ့ အမျိုးသား တစ်ဦးရဲ့ ဖုန်းကို စစ်ဆေးပြီးနောက် လက်ထိပ်ခတ် ဖမ်းဆီးသွားတာလို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါ တယ်။
“ဖုန်းထဲမှာ ဘာပါလို့ ဖမ်းတာလဲတော့ သေချာ မသိဘူး။ သူ့ကို စစ်တပ်က ကားပေါ်မှာ လက်ထိပ်ခတ်ပြီး တင်ထားသေးတယ်။ ပြီးတော့မှ ကွမ်းခြံ (၁) လမ်းထိပ်အထိ ခေါ်သွားတယ်။ ရဲစခန်းက ကောင်တွေကို ဖုန်းဆက်ခေါ်လိုက်တော့ မီးတန်းကားနဲ့ ရဲ ၃ ကောင် ရောက်လာတယ်။ သူတို့ကမှ တဆင့် ရဲစခန်းထဲ ဖမ်းခေါ်သွားတာ တွေ့လိုက်တယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်က ကမာရွတ်မြိုနယ် လှည်းတန်းဘူတာ၊ ကွမ်းခြံ (၁) လမ်းထိပ်၊ သင်္ဘောကျင်း အိမ်ရာဝန်း အနီး လူကူးတံတား အသစ်၊ လှည်းတန်းဈေးရှေ့၊ လှည်းတန်း ကားမှတ်တိုင်၊ ဗဟိုလမ်း ကားမှတ်တိုင် တွေမှာ မနက် ၈ နာရီကနေ ၁၀ နာရီအထိနဲ့ ညနေ ၃ နာရီမှာ ပုံမှန် စစ်ဆေးလေ့ရှိတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
“လှည်းတန်းဘူတာ စာရေးက ဒလန် အကြီးစား။ ဒီကောင်က အဲ့နားကနေပြီး တောက်လျှောက် သတင်းပေးပြီး တိုင်နေတာ။ ပုလင်းခွံ ဘူးခွံကောက်တဲ့ ဟာလေးတွေလည်း မွေးထားပြီး သတင်းပေး လုပ်ခိုင်းနေတာ။ ဖမ်းခံရရင်တော့ ပိုက်ဆံပေးနိုင်ရင် လွတ်မှာပါ။ ဖမ်းပြီး ပြန်ရွေးခိုင်း အဲ့လို လုပ်စားနေတာ ကြာပြီ” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ ကမာရွတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က တိုက်ခန်းတွေကို ဝင်ရောက်စစ်ဆေးကာ ဧည့်စာရင်း မတိုင်သူတွေကို ဖမ်းဆီးပြီးနောက် ငွေတောင်းကာ ပြန်လွှတ် ပေးနေပေမယ့် ခိုးဆိုးလုယက်သူတွေ ကိုတော့ ဖမ်းဆီးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။