ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အင်းစိန်လမ်းမ၊ ၁၁၉ စတိုးဆိုင်ရှေ့၊ လှည်းတန်း ကားမှတ်တိုင်မှာ YBS-82 လိုင်းကားပေါ် လိုက်ပါလာတဲ့ လူငယ် ၅ ဦး စစ်ကောင်စီတပ်က ရိုက်နှက် ဖမ်းဆီး သွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
မနေ့ ဩဂုတ်လ ၂၇ ရက်၊ မနက် ၉ နာရီ ဝန်းကျင်က Honda fit (MDY 18 /7E7072) အဖြူရောင် တစ်စီး၊ Probox city taxi (YGN 10/0867) အဖြူရောင် တစ်စီးနဲ့ ကားမှတ်တိုင်ကို ရောက်ရှိလာပြီးနောက် အရပ်ဝတ်တွေနဲ့ YBS 82 ပေါ် တက်ရောက်ကာ လူငယ် ၅ ဦးကို ရိုက်နှက် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီကောင်တွေ အားလုံး ၇ ယောက်လောက် ဆင်းလာပြီး လိုင်းကားပေါ် တက်သွားတာ။ ပြန်ဆင်းလာတော့ လူငယ်လေး ၅ ယောက်ကို ရိုက်ပြီး ဖမ်းလာတယ်။ ကလေး တစ်ယောက်ဆို နံပါတ်တုတ် အတိုနဲ့ ရိုက်လို့ ခေါင်းကွဲပြီး သွေးတွေတောင် ထွက်နေတယ်။ အကုန်လုံး လက်ထိပ်ခတ်ပြီး ခေါ်သွားတာ။ လှည်းတန်းထိပ်ဘက်ကို ကားမောင်းပြီး ထွက်သွားတာတော့ နောက်ဆုံး မြင်လိုက်ရတာပဲ” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
ဘာကြောင့် အခုလို လိုင်းကားပေါ် တက်ရောက် ရိုက်နှက် ဖမ်းဆီးတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ကမာရွတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က နေ့စဉ် စစ်ဆေးမှုတွေ လုပ်နေသလို လူငယ်တွေကို အကြောင်းမဲ့ စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်လေ့ရှိပြီး ဖမ်းဆီးခံရသူ အများစု ပိုက်ဆံပေးမှ ပြန်လွှတ်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကမာရွတ်မှာ နေတဲ့ သူတွေကတော့ ဒီကောင်တွေ ဘာလုပ်နေလဲ ဆိုတာ သိတယ်။ လှည်းတန်း ဘူတာက ရုံးစောင့်နဲ့ အဲ့နားက ဆိုင်တွေ အကုန်လုံးက ဒလန်တွေကြီးပဲ။ ပိုက်ဆံတောင်းပြီး ခိုးဆိုးလုနှိုက် လုပ်နေတဲ့ ကလေးတွေလည်း သတင်းပေး ဒလန် လုပ်နေကြတာ။ အသွားအလာ သတိထားကြပါလို့ မှာချင်တယ်” လို့ ဒေသခံ ပြည်သူ တစ်ဦး ကပြောပါတယ်။
ကမာရွတ်မြို့နယ်မှာ စစ်သား၊ ရဲများ အသွင်ယူ အရပ်ဝတ်နဲ့ သွားလာ စုံစမ်းမှု ပိုမိုများပြားလာပြီး နေရာတိုင်းမှာ ငွေကြေးအသုံးပြုပြီး သတင်းပေးများ စေလွှတ်ကာ တော်လှန်ရေး အင်အားစုများကို ဖိနှိပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်း နေတယ်လို့ သိရပါတယ်။