ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမ၊ အမက (၁၉) ကျောင်းအနီးမှာ ဒီကနေ့ မနက် ၉ နာရီခွဲ ဝန်းကျင်က စစ်ကား Double Cab ၂ စီးနဲ့ စစ်သားများ ဖြတ်သွားဖြတ်လာ ပြည်သူတွေကို စစ်ဆေး မေးမြန်းနေပြီး လူငယ်တချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့သူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“ပထမကား တစ်စီးပေါ်မှာတော့ လူငယ် အမျိုးသား ၃ ဦးကို ဖမ်းပြီး အတွင်းဘက်မှာ ထိုင်ခိုင်းထားတယ်။ နောက်တစ်စီးမှာလည်း လူငယ် အမျိုးသား တစ်ဦးကို ဖမ်းပြီး ထိုင်ခိုင်းထားတယ်။ စစ်ကား တစ်စီးမှာ စစ်သား ၄ ယောက်စီ နောက်ကထိုင်ပြီး လိုက်သွားတယ်။ ၁၀ နာရီမထိုးခင်မှာ အင်းစိန်လမ်း၊ ပါရမီ ပွိုင့်မှ ပါရမီ စိန်ဂေဟာဘက်ကို မောင်းသွားတယ်။ ဖမ်းခံရတဲ့ ကလေးတွေ ပုံစံက အလုပ်သွားမယ့် ဝန်ထမ်းလေးတွေ ပုံစံပါပဲ” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
အလားတူ ကမာရွတ်မြို့နယ်၊ လှည်းတန်း ဦးထွန်းလင်းခြံလမ်းထိပ်နဲ့ လှည်းတန်း မီးပွိုင့် ဘန်ကာထဲသို့ လူငယ် တချို့ကို ခေါ်ပြီး ဖုန်း၊ အိတ်နဲ့ ပစ္စည်းတွေ သေချာ စစ်ဆေးကာ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက် တစ်ခုခု တွေ့ရှိပါက ဖမ်းဆီးထောင်ချမယ် ဆိုပြီး ခြိမ်းခြောက် ငွေညှစ် နေတယ်လို့ အစစ်ဆေးခံရသူတွေက ပြောပါတယ်။
“ပစ္စည်းပို့တဲ့ ကလေးတွေနဲ့ အဝတ် အမဲရောင် ဝတ်တဲ့ လူငယ်တွေဆို ပိုပြီး စစ်တယ်။ စက်ဘီးသမားတွေ၊ ဘက်ထ္ထရီ စက်ဘီးစီးတဲ့ သူတွေကိုလည်း ဖမ်းပြီးရစ်တယ်။ ငွေညှစ်တာတွေ ခြိမ်းခြောက်တာတွေ ကတော့ သူတို့ ထုံးစံလေ။ ဒီရက်ပိုင်းမှာတော့ ကင်းလည်း ပတ်တာ များသလို စစ်ဆေးမှုတွေလည်း အရင်ထက် ပိုများတယ်” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက PDF ရန်ကုန် တပ်ရင်း (၅၁၀၁) ကို ဖွဲ့စည်းကြောင်း ကြေညာပြီးနောက် စစ်ကောင်စီက ရန်ကုန်တိုင်း အတွင်း လုံခြုံရေး တပ်လှန့် တင်းကြပ်လိုက်ပြီး မြို့နယ် တချို့မှာ တပ်အပြောင်းအလဲ ပြုလုပ်ထားတယ်လို့ သိရပါတယ်။