ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၈) ရပ်ကွက်၊ ဦးချိုလမ်း ခရစ်ယာန်ဘုရားကျောင်းအနီး လမ်းသွယ်ထဲတွင် နေထိုင်သူသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဇွန် ၃ ရက် ည ၁၁ နာရီကျော်အချိန်က လာရောက်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက် ပြည်သူတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။
အဲ့ဒီအမျိုးသားရဲ့ နေအိမ်အတွင်း ဝင်ရောက်စီးနင်းမှုမှာ စစ်တပ်ကသေနတ်နဲ့ အိမ်ရှိပစ္စည်းကို ပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ မျက်မြင်တွေ့သူတစ်ဦး ပြောပါတယ်။
“ဘာလို့လာဖမ်း တာလဲတော့သေချာမသိသေးဘူး။ သူတို့အိမ်ထဲဝင်ရှာတော့ စစ်သားတစ်ချို့က အိမ်ထဲကပစ္စည်းတွေကို သေနတ်နဲ့ပစ်ပြီးမှဖမ်းသွားကြတာ” လို့ သူကပြောပါတယ်။
ဒီနေ့မနက်မှာလည်း စစ်ကောင်စီကစစ်ကားတစ်စီး အင်းအား ၆ ဦးနဲ့ အေးရိပ်မွန်လမ်းမကြီး ပိတောက်လမ်းနှင့် ယုဇနလမ်း ကြားတွင်ကားရပ်ထားပြီး စစ်သား ၄ ဦးကားပေါ်မှဆင်းကာ လမ်းသွားလမ်းလာပြည်သူတွေကို စောင့်နေတယ်လို့ဒေသခံတစ်ဦးက ပြောပါတယ်။
PDF ရန်ကုန် တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်အပြီးမှာ စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်း လုံခြုံရေးကို တပ်လှန့်ထားကာ ပိုမိုတင်းကြပ်လိုက်ကြောင်းသိရပြီး မြို့နယ်အချို့တွင်လည်း တပ်အပြောင်းအလဲများ ပြုလုပ်ထားတယ်လို့ သိရပါတယ်။