ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ အမှတ် ၃ တပ်မတော် တပ်ထိန်းတပ်ဖွဲ့၏ တပ်မှူးနေအိမ် နှင့်ရုံး ကို ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) က ၁၀၇ မမ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဧပြီလ ၂ ရက်နေ့ ည ၁၀ နာရီကျော်အချိန် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့်အုတ်ကျင်းကြားရှိ အမှတ် ၃ တပ်မတော် တပ်ထိန်း တပ်မှူးနေအိမ်နှင့်ရုံးပစ်မှတ်နှစ်ခုကို ရန်ကုန်ပကဖ(အထူးတပ်ဖွဲ့)က ၁၀၇ မမလက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တပ်မှူးမိသားစုနှင့် ရုံးစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ တပ်ထိန်းတပ်သည် စစ်ကောင်စီလူကြီးလမ်းကြောင်းများကို လုံခြုံရေးလိုက်ပေးရသူများဖြစ်ပြီး ယခုအခါ ၎င်းတို့ကိုယ်တိုင် မလုံခြုံတော့သည့် အနေအထားရောက်ရှိ စေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အဓမ္မစစ်သားစုဆောင်းခံရသူ များ ထွက်မပြေးစေရန် အဓိက စောင့်ကြပ်ရသည့် တပ်ဖွဲ့ဖြစ်သည့်အတွက် ယခုကဲ့သို့ ပညာပေးဆုံးမရခြင်းဖြစ်ကြောင်း သိရှိရသည်။
လှိုင်မြို့နယ်မှ ပြည်သူများကလည်း ယမန်နေ့ ည ၁၀ နာရီ ၁၀ မိနစ်ကျော်အချိန်တွင် အလွန်ပြင်းထန်သော ပေါက်ကွဲသံကြီးကြားရကြောင်း ပြောဆိုသည်။
“မနေ့ည ၁၀ နာရီ ၁၀ မိစ်ကျော်လောက်မှာ ဗုံးပေါက်တာနဲ့မတူဘူး။ အရမ်းကို ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးကြားရတယ်။ အိမ်တွေတောင် တုန်သွားတယ်” ဟု လှိုင်မြို့နယ်၊ ပါရမီ စိန်ဂေဟာအနီးနေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။