ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ ပါရမီလမ်းထောင့်ရှိ မီးပွိုင့်မှာ စစ်ကား ၂ စီးက စက်ဘီးစီးလာတဲ့ လူငယ် ၂ ဦးကို မီးပွိုင့်မှာ ရိုက်နှက် ဖမ်းဆီး သွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၉ ရက်၊ မနက် ၈ နာရီ ၂၅ မိနစ် ဝန်းကျင်က စစ်ကား Double Cab ၂ စီးနဲ့ မီးထိုးကာ အပြင်းမောင်းလာပြီး စက်ဘီးစီးလာတဲ့ လူငယ် ၂ ဦးကို ရိုက်နှက် ဖမ်းဆီး ကားပေါ်တင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဘာလို့ ဖမ်းတာလဲတော့ ဘယ်သူမှ သိမှာ မဟုတ်ဘူးလေ။ ဒီကောင်တွေ စစ်ကား ၂ စီးနဲ့ အရှိန်ကုန်မောင်း မီးထိုးပြီး လိုက်လာတာ။ စက်ဘီး မရပ်ပေးရင်တောင် ဝင်တိုက်ပြီး ဖမ်းမယ့်ပုံစံမှာ ရှိတယ်။ လူငယ် ၂ ယောက်လုံး ရိုက်ပြီး ကားပေါ်တင်သွားတာ။ အချိန်ကလည်း မြန်တယ် တစ်မိနစ်တောင် မကြာလိုက်ဘူး။ ချက်ချင်း ဖမ်းပြီးတော့ ကားတွေ မောင်းထွက်သွားတာပဲ” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ ရန်ကုန်မှာ စစ်ကောင်စီတပ်တွေ လှည့်ကင်း၊ ပတ်ကင်းတွေ ပတ်နေပြီး ကားစစ်ဆေးတာနဲ့ ဆိုင်ကယ်၊ ဘေးတွဲ ဆိုင်ကယ်တွေ ဖမ်းဆီးနေရာ စစ်သား၊ ရဲနဲ့ ယာဉ်ထိန်းရဲ အဖွဲ့စုံက မြို့နယ် တချို့မှာ ဖမ်းဆီးခြိမ်းခြောက် ပိုက်ဆံတောင်းနေတယ်လို့ သိရပါတယ်။