ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
မတ်လ ၁ ရက်နေ့ ည ၇ နာရီ ၄၄ မိနစ်အချိန် လှိုင်သာယာမြို့နယ်၊ ၃ ထိပ်တွင် ဗုံးပေါက်ကွဲပြီး လူ ၂ ဦး သေဆုံးနေကြောင်း သိရှိရသည်။
“ဒီည ၇ နာရီ ၄၄ မိနစ်အချိန် လှိုင်သာယာ ၃ထိပ်မှာ ဗုံးပေါက်တာ။ လူ ၂ ယောက်သေနေတယ်။ စက်ဘီးအောက်မှာ တစ်ယောက်၊ လမ်းဘေးမြောင်းနားမှာ တစ်ယောက်က အူတွေပါပွင့်တယ်။ ၂ ဦးလုံးပွဲချင်းပြီး သေနေကြတာ” ဟု မျက်မြင်ဒေသပြည်သူက ရှင်းပြသည်။
အလားတူ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းတွင်လည်းကောင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်တို့တွင် လည်းကောင်း ယနေ့ ည ၇ နာရီ ၃၃ မိနစ်မှ ည ၇ နာရီ ၄၄ မိနစ်အထိ ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ရန်ကင်းမြို့နယ်တွင် ယနေ့ ည ၇ နာရီ ၄၄ မိနစ် အချိန်တွင်လည်း ကောင်း၊ တောင်ဥက္ကလာမြို့နယ်၊ ၄ ရပ်ကွက်တွင်လည်း ယနေ့ ည ၇ နာရီ ၄၄ မိနစ်အချိန်တွင်လည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွင်လည်း ယနေ့ ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် တွင်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ ပေါက်တာ၀နှင့် အခြားနေရာများတွင်လည်း ယနေ့ည ၇ နာရီ ၄၄ မိနစ်ဝန်းကျင်အချိန်တွင်လည်းကောင်း ဗုံးများ ဆက်တိုက်ပေါက်ကွဲလျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“အင်းစိန် အောင်ဆန်းကျောင်းဂိတ်မှာ ဗုံးပေါက်ပါတယ်။ ကားပါမီးလောင်သွားတယ်။ ဗုံးကွဲအသံ သုံးခါလိုက်ကြားရပြီး ကားမီလောင်တာ။ လူနာတင်ကားအသံတွေလည်း ကြားရတယ်” ဟု အင်းစိန်မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ယနေ့ည ၈ နာရီ ကျော်အချိန် ရွှေပြည်သာနှင့် မရမ်းကုန်းမြို့နယ်တို့တွင်လည်း ကောင်း၊ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင်လည်းကောင်း ဗုံးများ ထပ်မံ ပေါက်ကွဲနေ ကြောင်း၊ စစ်တပ်က လှိုင်သာယာမြို့နယ်ကို ပိတ်ဆို့၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ယနေ့တစ်နေကုန် ညပိုင်းအထိ ရန်ကုန်တစ်မြို့လုံးတွင် စစ်ကောင်စီက လုံခြုံရေးများ တင်းကျပ်ထားချိန်တွင် ဗုံးများပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။