ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့နဲ့ အနောက် မြို့နယ်အတွင်းမှာ ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ မီနီအိုးဝေ၊ ထော်လာဂျီယာဉ်များ (လိုင်စင်ရှိ၊မရှိ) စီးနင်း မောင်းနှင်ခွင့် မရှိကြောင်းနဲ့ တွေ့ရှိပါက ဖမ်းဆီးအရေးယူမယ်လို့ စည်ပင်သာယာက ထုတ်ပြန်ကြေညာပါတယ်။
အဲ့ဒီလို စည်ပင်သာယာအမိန့်နဲ့ မြို့နယ်အတွင်း နေရာတချို့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့အတွက် ပြည်သူအများစုသွားလာရန်ခက်ခဲ နေတယ်လို့ဒေသခံတွေကပြောပါတယ်။
“ဒီရက်ပိုင်းမှ ာစီးခွင့်မရှိတဲ့ ဆိုင်းဘုတ်တွေတပ်တာပါ။ ဖမ်းတာကတော့နေ့တိုင်းဖမ်းနေတာကြာပါပြီ။ လိုင်စင်ရှိရင်တော့ ထောင်ဂဏန်း လောက်ပဲပေးရတယ်။ လိုင်စင်မရှိရင်တော့ တောင်းသလောက်ပေးရတာ။ ဆိုင်ကယ်နဲ့လူပါ လိုင်စင်မရှိရင်တော့ တောင်းသလောက် ပေးရတယ်။ မပေးနိုင်ရင် ဆိုင်ကယ်အပြီးသိမ်းတာတွေ လုပ်တယ်” လို့ ရပ်ကွက်နေပြည်သူတစ်ဦး ကပြောပါတယ်။
ရန်ကုန်မြို့က နိုက်ကလပ်တွေကို ည ၁၁ နာရီပိတ်ပေမယ့် ကာရာအိုကေနဲ့ တရားမဝင် ကာစီနိုလောင်းကစားရုံတွေ ညလုံးပေါက်ဖွင့်နေတဲ့ လှိုင်သာယာက ဆိုင်တွေကိုတော့ဖမ်းဆီးတာတွေ လုပ်ဆောင်ခြင်းမရှိဘဲ မိသားစုအတွက် တရားဝင် ဆိုင်ကယ်၊ သုံးဘီး၊ မီနီအိုးဝေနဲ့ ထော်လာဂျီယာဉ်များ မောင်းနှင်ကာပိုက်ဆံရှာနေတဲ့သူတွေကို နေ့စဉ်ဖမ်းဆီးပြီး ခြိမ်းခြောက်ခံနေရတယ်လို့ သူတို့ကပြောပါတယ်။
“လိုင်စင်မရှိလို့ ဖမ်းတယ်ဆိုတာကတော့ လက်ခံလို့ရတယ်။ လိုင်စင်တွေ ချထားပေးပြီးတော့မှ မစီးရဘူး မမောင်းရဘူး ဆိုတာကတော့ အဆင်မပြေတော့ဘူး။ လောင်းကစားဝိုင်းတွေ ကျတော့စစ်တပ်နဲ့ ရပ်ကွက်ကအုပ်ကြီးတွေနဲ့ လူမိုက်တွေပေါင်းပြီး ဖွင့်နေတာတော့မဖမ်း ကြဘူး။ မိသားစုတွေမငတ်အောင်တော့ တစ်ခုခုလုပ်ရမှာပေါ့” လို့ ဘေးတွဲ သုံးဘီးမောင်းသူတစ်ဦးကပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း ညမထွက်ရအချိန်ကို ကျော်လွန်ဖွင့်လှစ်နေသော ဆိုင်များ၊ ဘားများ၊ကလပ်များ၊ ကာရာအိုကေများကို သတ်မှတ် အချိန်ပိတ်သိမ်းရန်ညွှန် ကြားထားသော်လည်း ကာရာအိုကေဆိုင်အားလုံးနီးပါးနဲ့ တရားမဝင် ကာစီနိုလောင်းကစားရုံများသည် ညလုံး ပေါက်ဖွင့်လှစ်ဆဲရှိနေပါသေးတယ်။
ရန်ကုန်တိုင်းတွင် တရားမဝင်ဖွင့်လှစ်ထားတဲ့ ကာစီနိုရုံ ၃၀ ကျော်ရှိပြီး ညလုံးပေါက်လောင်းကစားသူများနဲ့ စည်ကားနေတတ်ပြီး လှိုင်သာယာမြို့နယ်မှာ ကာစီနိုဆိုင်အများဆုံးရှိတဲ့အတွက် ကာစီနိုမြို့တော်လို့ လောင်းကစားမားများက ခေါ်ဆိုတာဖြစ်တယ်လို့ သိရပါတယ်။