ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၂ ရပ်ကွက် မဟာဗန္ဓုလလမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများကို စည်ပင်နှင့် အုပ်ချုပ်ရေမှူး အဖွဲ့က အတင်း အဓမ္မ ဖျက်ဆီးပြီး နောက်လိုက်လူမိုက်များက တုတ်များကိုင်ဆောင် ကင်းလှည့်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
မတ်လ ၁၂ ရက်နေ့တွင် လှိုင်သာယာမြို့နယ် ၂ ရပ်ကွက် မဟာဗန္ဓုလ လမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများကို မြောင်း ဖုံးကျော်သည်ဟုဆိုကာ မြို့နယ်စည်ပင်နှင့် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့က ဖျက်ခိုင်းကြောင်း၊ ယနေ့ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်း မြို့နယ် စည်ပင်က လူမိုက်များ ခေါ်ဆောင်လာပြီး ဆိုင်ခန်းများကို အတင်းအဓမ္မ လာရောက် ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ ဆိုင်ခန်းများ ဖျက်ဆီးနေချိန်တွင် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်လူမိုက်များက တုတ်များ ကိုင်ဆောင် ကင်းလှည့်နေကြောင်း သိရှိရသည်။
“လှိုင်သာယာ ၂ ရပ်ကွက် မဟာဗန္ဓုလလမ်းတစ်လျှောက်မှာရှိတဲ့ ဆိုင်ခန်းတွေ အဆောင်တွေကို မြောင်းဖုံး မကျော်ရဘူးဆိုပြီး စည်ပင် အဖွဲ့တွေနဲ့ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့က မနေ့က ညနေပိုင်းမှာ အပြီးဖျက်ခိုင်းနေပါတယ်။ ဒီမနက် စည် ပင်က လူကြီးတွေအပါအဝင် စည်ပင်အဖွဲ့တွေ အများကြီးနဲ့ လာဖျက်သွားပါတယ်။ လူတွေ လုပ်ကိုင်စားသောက်ရတာအဆင်မပြေရတဲ့အထဲ အကုန် ဒုက္ခရောက်ကုန်ပါပြီ။ ၂ ရပ် ကွက် အုပ်ချုပ်ရေးမှူးတော်တော်ဆိုးနေပါတယ်။ သူ့ရုံးအဖွဲ့က လူတွေဆိုလည်း ရပ်ကွက်ထဲမှာ တစ်နေကုန်ဆိုင်ကယ်မှာ တုတ်တွေချိတ်ပြီး ကင်းပတ်နေတာပါ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် လူကြီးလမ်းကြောင်းရှိသည်ဟု ဆိုကာ ၂ ရပ်ကွက်အတွင်းရှိ ၅ ထိပ်စျေးကိုလည်း စည်ပင်နှင့် အုပ်ချုပ်ရေးမှူးက ပိတ်သိမ်းခိုင်းလိုက်ကြောင်း သိရသည်။