စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက သတင်းပေးပို့ခဲ့ပါသည်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာမှ စိုင်နိုင်ကြီးရွာဘက်ကို စစ်ကြောင်းထိုးလာသော စစ်သားများကို Buffalo soldier ၊ နဂါးမင်းပျောက်ကြားတပ်ဖွဲ့၊ Revolution soldier နှင့် ဒေသခံပကဖအဖွဲ့များက မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်နှင့် နံနက် ၈ နာရီ ၂၀ မိနစ်တို့တွင် ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စိုင်နိုင်လေးရွာ တောင်ဘက် မိုးကောင်းကင်ဆီဆိုင် အနီးတွင် ၁ ကြိမ် ၊ စိုင်နိုင်ကြီးရွာထိပ် ကုက္ကိုပင် အောက်တွင် ၁ ကြိမ် ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းနှင့် NaungYoe Army (တပ်ခွဲ၁) က မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“မိုင်းပွိုင့်ပေါ် စစ်ခွေးတွေ ရောက်လာတုန်း မိုင်း ၅ လုံးတွဲပဒေသာမိုင်းပွိုင့် ၂ ပွိုင့်နဲ့ ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ရှေ့ပြေး စစ်ခွေး ၃ ကောင်လေပေါ် ပျံဝဲပြီး သေသွားတယ်။ ၅ ကောင်ကတော့ အပြင်းအထန် ထိခိုက် ဒဏ်ရာရတယ်” ဟု ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုထားပါသည်။