ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ဘူတာအနီး ရထားလမ်းပြင်နေတဲ့စစ်တပ်က ရုံးသာကျေးရွာအတွင်းကို ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၀ ရက် ဒီနေ့မနက်ပိုင်းက အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဟာ သုံးဆင့်ကန်ဘူတာနဲ့ ၂ မိုင်ခန့်ဝေးတဲ့ ရုံးသာကျေးရွာကို ပစ်ခတ်ဝင်ရောက်ခဲ့လို့ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတဦး ပေါင်ကို ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သုံးဆင့်ကန်ဘူတာအနီးက ကျေးရွာအများစုဟာ စစ်ကြောင်းရန်ကို ကြောက်တဲ့အတွက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာမှာ စစ်တပ်က ရွာခံတွေရှိတဲ့ ရုံးသာကျေးရွာကို ဝင်ရောက်ပြီး စားစရာဝင်ရှာတာလို့ ဒေသခံတွေက ဆိုပါတယ်။
“အနီးနားက ရွာတွေ စစ်ဘေးရှောင်နေကြတော့ သူတို့ ရွာတွေထဲမှာ စားစရာရိက္ခာပြတ်တော့ နည်းနည်းနီးမယ်ထင်တဲ့ရွာကို ဝင်တာပေါ့။ ဝင်ပြီးစားစရာရှာတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရအမျိုးသမီးဟာ ဆေးကုသမှုခံယူနေပြီး စစ်တပ်ဟာ ကျေးရွာအတွင်းက ဘုန်းကြီးကျောင်း တခုမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။
အခုဝင်ရောက်နေတဲ့ စစ်တပ်ဟာ ရထားလမ်းလုံခြုံရေးပေးဖို့လာတဲ့စစ်တပ်ဖြစ်ပြီး စက်တင်ဘာ ၆ ရက်ထဲက ဝက်လက်မြို့နယ်ကို ရောက်ရှိနေတာလို့သိရပါတယ်။
အဲ့ဒီစစ်တပ်ဟာ တနေရာတည်းကို အထိုင်ချတပ်စွဲနေတာမျိုးမဟုတ်ဘဲ သုံးဆင့်ကန်ဘူတာမှာ တဖွဲ့၊ သာလိုင်းဘုန်းကြီးကျောင်းမှာ တဖွဲ့နဲ့ ရုံးသာကျေးရွာမှာ တဖွဲ့ခွဲနေပြီး ကျေးရွာတွေကို ဝင်ရောက် ရိက္ခာယူလေ့ရှိတယ်လို့ သိရပါတယ်။
ဒီစစ်ကြောင်းကပဲ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က လယ်ထဲသွားတဲ့တောင်သူသားအဖနှစ်ဦးကို သတ်ဖြတ်ခဲ့သလို စက်တာဘာ ၂၁ ရက်ကလည်း သုံးဆင့်ကန်ကျေးရွာက နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ဒီစစ်တပ်ကြောင့် ညောင်ပင်ကြီးတော၊ ပေါက်ကန်၊ သုံးဆင့်ကန် ၊ ရေသောက်ကန်၊ ရုံးသာရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံတထောင်ကျော်ဟာ တလကျော်အကြာအထိ စစ်ရှောင်နေရပြီး စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်းရှိနေတယ်လို့ Wetlet information Networkက ကိုနဂါးလေးကပြောပါတယ်။