စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်ရောက်တပ်စွဲပြီး ရထားသံ လမ်းပြုပြင်နေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာမ၊ ပေါက်ကန် ဘူတာ၊ ညောင်ပင်ကြီးတောရွာ၊ ဇီးဖြူကုန်းကျေးရွာ နှင့် ကန်ရွာမှ စစ်ဘေးရှောင်ပြည်သူများနှင့် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် တိမ်းရှောင်နေကြရသော ပြည်သူ ၁၅၀ ကျော်ကို ဆန်၊ ဆီ၊ ကြက်သွန် ၊ ယမ်ယမ် ခေါက်ဆွဲထုပ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
“အလှူကို လာရောက်ယူဆောင်တဲ့ပြည်သူ ၃၀၀ ကျော်ရှိတယ်၊ မရလိုက်တဲ့ပြည်သူတွေကို နောက်ထပ် လာရောက်လှူဒါန်းပေးပါ့မယ်လို့ ကတိပေး တောင်းပန်ထားခဲ့ရတယ်၊ အခုလှူဒါန်းခဲ့တဲ့ရွာတွေက နေအိမ် ၁၅၀ ကျော်လောက် မီးရှို့ခံခဲ့ရတဲ့ ရွာတွေပါ၊ ပြည်သူ ၁၅ ဦးလည်းခေါင်းဖြတ်သတ်ခံခဲ့ရတဲ့ ရွာ လည်းပါတယ်၊ စစ်ဘေးရှောင်နေရတာ ဆိုရင် ၂ လကျော်လောက်ဖြစ်နေပြီ” ဟု ရွှေဘိုမြို့နယ် လွတ် လပ်သော ထောက်ပို့ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
အဆိုပါထောက်ပံ့လှူဒါန်းမှုကို ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ သွားရောက်ပေးပို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ကောင်းမွန်စွာ လှူဒါန်းမှုပြလုပ်နိုင်ရန် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် နန်းတက်မင်းအဖွဲ့မှ လိုက်ပါကူညီစောင့် ရှောက်ခဲ့ကြောင်း သိရသည်။