စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရှိန်းမကားတိုက်နယ်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရှိမ်းမကားကျေးရွာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းဘက်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အဖွဲ့ ၄ ဖွဲ့၊ ဒရုန်း ၃ စီးနဲ့ ခွေးစခန်းကို ဒရုန်းနဲ့ချခဲ့တယ်။ စခန်းမှူးနေတဲ့ နေရာနဲ့ သူတို့ အောင်းတဲ့ ဘန်ကာနားကို အနီးကပ်ဆုံး ချနိုင်ခဲ့တယ်။ သူတို့ဘက်ကလည်း လက်နက်ငယ်တွေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခဲ့တယ်။ အဲဒါပြီးတော့ သူတို့ စခန်းကနေ အနောက်ဘက်ကို ထွက်ခဲ့တယ်။ အဲဒီနားမှာ ကျွန်တော်တို့ မိုင်းဆင်ထားတော့ မိုင်းတိုက်ပြီး သူတို့ဘက်က အသေအပျောက်စာရင်းရှိခဲ့တယ်” ဟု ရှိန်းမကားတိုက်နယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု စာရင်းကို စုံစမ်းနေဆဲဖြစ်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရှိမ်းမကားတိုက်နယ် အဖွဲ့ ၊ စိန်ပန်းနီနီ Drone တပ်ဖွဲ့ ၊People’s Servant Revolution(WetLet) Drone တပ်ဖွဲ့ ၊ လျှပ်စီးပြောက်ကျား Droneတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။