စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ရှောင်ပြည်သူတွေက ဆေးကုသဖို့ အကူအညီတောင်းခံတာကြောင့် အခမဲ့ဆေးဝါးကုသပေးခဲ့တယ်လို့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ထံက သိရပါတယ်။
ဝက်လက်မြို့နယ်အတွင်း မန္တလေး-ရွှေဘို- မြစ်ကြီးနား-စစ်ကိုင်း ရထားလမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြုပြင်နေရာ စစ်သားတွေ ရန်ပြုမှာစိုးရိမ်လို့ ဘေးလွတ်ရာတောတွင်းတနေရာမှာ လူဦးရေ ၅၀၀ ကျော်ဟာ ၁ လနီးပါး စစ်ရှောင်နေရတာလို့ ဆိုပါတယ်။
“စစ်ရှောင်တွေ ကျန်းမာရေးမကောင်းကြလို့ အကူညီပေးဖို့တောင်းဆိုတာနဲ့ ကုသပေးခဲ့တာပါ။ ဖျားနာကြတဲ့သူနဲ့ သွေးတိုးရောဂါတွေအဖြစ်များတယ်။ စိတ်ဖိစီးတာလည်းပါမယ်” လို့ ဆေးကုသရေးအဖွဲ့မှ ကိုငြိမ်းချမ်းနိုင် က ပြောပါတယ်။
မီးရထားလမ်းပြင်နေကြတဲ့ စစ်ကောင်စီတပ်သွားတွေကြောင့် ဝက်လက်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာပေါင်း ၁၀ ရွာခန့် က စစ်ရှောင်နေကြရပြီး ကျန်းမာရေးအခက်အခဲရှိလို့ အကူအညီတောင်းခံလာတဲ့အတွက် စက်တင်ဘာ ၂ ရက်က အခမဲ့ဆေးကုသပေးခဲ့တယ် လို့ ဆိုပါတယ်။
ဆေးကုသရာမှာ ကလေးငယ်တွေမှာ ရိုးရိုးဖျားနာတာနဲ့ ထိခိုက်ရှနာတွေ အဖြစ်များပြီး သက်ကြီးပိုင်းတွေမှာတော့ သွေးတိုးရောဂါအဖြစ်များနေကာ မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ လူနာ ၆၀ ကျော်ကို ဆေးကုသရေးအဖွဲ့ဝင် ၆ ဦးနဲ့ ဆေးကုသပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေအနေနဲ့ ၁ လကြာတိမ်းရှောင်ရတာဖြစ်လို့ စားနပ်ရိက္ခာ၊ အမိုးကာနဲ့ ဆေးဝါးကုသဖို့အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။
ယနေ့စက်တင်ဘာ ၄ ရက်မှာလည်း စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၆ ကြောင်းခွဲပြီး ဝက်လက်မြို့နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်တဲ့နေရာတွေကို စစ်ကြောင်းဝင်နေတယ်လို့သိရပါတယ်။