စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဟံလင်း(ရှေးဟောင်းမြို့)ရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို မနေ့က တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု လေးယောက် သေပြီး နှစ်ယောက် ဒဏ်ရာရတယ်လို့ 96 Soldiers-PDF (အညာဒေသတပ်ခွဲ)က သတင်း ထုတ်ပြန်ပါတယ်။
ဇွန်(၁၂)ရက် မနေ့က မနက်(၅)နာရီကျော်က ဝက်လက်မြို့နယ် ဟံလင်း-ပျူမြို့ဟောင်းထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို MDF-Shwebo တပ်ဖွဲ့၊ ဒုံးပျံတပ်ဖွဲ့နဲ့ 96 Soldiers-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဟံလင်းမြို့ဟောင်းရှိ စစ်ကောင်စီ အထိုင်စခန်းအား တိုက်ခိုက်ခဲ့ရာတွင် ထိတွေ့တိုက်ပွဲ မိနစ်(၂၀)ခန့် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ လေးယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာများ ရရှိခဲ့သည်ဟု ကျေးရွာ ဒေသခံများမှ ပြောပြချက်အရ သိရှိရပါသည်။ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့များဘက်မှ အထိအခိုက် အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ 96 Soldiers-PDF က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်ပြီး ဝက်လက်နယ် ဟံလင်းရွာထဲ စီးနင်းအထိုင်ချနေတာ ဖြစ်ပြီး ဒေသခံတွေကို ပျူအဖြစ် လက်သပ်မွေးကာ ပျူစခန်းဖွင့်ဖို့ ကြိုးစားနေသလို ကျေးရွာအတွင်း ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူ လုယက်တာ၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။